Connect with us

International Organizations

ရပ်နားထားသည့် ၄၀ ကြိမ်မြောက် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ကော်မတီ အစည်းအဝေး ဇူလိုင် ၁၇ ရက် ပြန်စမည်

၄၀ ကြိမ်မြောက် ကမ္ဘာ့ ရှေးဟောင်းအမွေအနှစ် ကော်မတီ အစည်းအဝေး ဇူလိုင်လ ၁၄ ရက်က ကျင်းပနေစဉ် (ဓာတ်ပုံ- အင်တာနက်)

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ၌ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကြောင့် တစ်ရက်ကြာ ဆိုင်းငံ့ထားရသည့် ၄၀ ကြိမ်မြောက် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ကော်မတီ အစည်းအဝေးအား ဇူလိုင်လ ၁၇ ရက်တွင် အစ္စတန်ဘူလ်မြို့မှာ ပြန်လည် စတင်မည် ဖြစ်ကြောင်း သိရသည်။

“ကော်မတီ အနေဖြင့် အစည်းအဝေး အစီအစဉ်အတိုင်း ကျန်ရှိနေသေးတဲ့ အမည်စာရင်း တင်သွင်းခြင်းနှင့် အခြား ဦးစားပေး လုပ်စရာတွေ ဆက်လုပ်သွားပါမယ်၊ အစည်းအဝေးကို တစ်နေ့တာ လုပ်မှာ ဖြစ်ပြီး ၄၀ ကြိမ် မြောက် အစည်းအဝေးရဲ့ ကောက်နှုတ်ချက်တွေကိုလဲ ဆက်လုပ်သွားပါမယ်” ဟု ကော်မတီက ထုတ်ပြန်သည့် အကြောင်းကြားစာ၌ ဖော်ပြထားသည်။

ယင်း အစည်းအဝေးအား မူလက UNESCO ၏ အစီအစဉ်ဖြင့် ဇူလိုင်လ ၂၀ ရက်အထိ ၁၁ ရက်ကြာ ပြုလုပ်မည် ဖြစ်သော်လည်း တူရကီတွင် ဇူလိုင်လ ၁၅ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် အာဏာသိမ်းရန်ကြိုးပမ်းမှု ဖြစ်ခဲ့ သောကြောင့် အစည်းအဝေးအား ဆိုင်းငံ့ခဲ့သည်။

တူရကီတွင် အရာအားလုံး ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသော်လည်း အခြေအနေများမှာမူ ငြိမ်သက်မှု မရှိသေးပေ။

ပြန်လည် စတင်မည့် အစည်းအဝေး၌ ယခုနှစ်အတွက် ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် စာရင်းသွင်းရန် နေရာ ၁၈ ခုအား ပြန်လည် စစ်ဆေးရန် ကျန်ရှိနေကြောင်း သိရသည်။

ယခု အဖွဲ့အစည်းအား ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ် ကွန်ဗင်းရှင်းအရ ၁၉၇၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး အဆိုပါ ကွန်းဗင်းရှင်းကို အခြေခံကာ ကမ္ဘာ့ ရှေးဟောင်း အမွေအနှစ်စာရင်း ပြုစုခြင်းများ လုပ်ဆောင်ခဲ့သည်။ (Xinhua)