Connect with us

International Organizations

အိုလံပစ်ပြိုင်ပွဲတွင် နေရပ် စွန့်ခွာ ဒုက္ခသည်အသင်း ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းအပေါ် ကြိုဆိုကြောင်း UN ဒုက္ခသည် အေဂျင်စီပြော

ဘရာဇီး အိုလံပစ်ပြိုင်ပွဲတွင် ဂျူဒိုအားကစားနည်း ဝင်ရောက် ယှဉ်ပြိုင်မည့် ဒုက္ခသည် တစ်ဦးအား ဝင်ခွင့်ကဒ်နှင့် အတူ တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ ၊ ဇွန် ၄ ရက် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေရိုမြို ့၌ ကျင်းပမည့် ၂ဝ၁၆ ခုနှစ် အိုလံပစ် ပြိုင်ပွဲတွင် နိုင်ငံတကာ အိုလံပစ် ကော်မတီက ဒုက္ခသည်များအား ဝင်ရောက်ယှဉ်ပြိုင်ခွင့် ပြုခြင်းအပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂ ဒုက္ခသည် အေဂျင်စီက ဇွန်လ ၃ ရက်တွင် ထုတ်ဖော် ပြောကြားသည်။

အဆိုပါ ဒုက္ခသည်အသင်းတွင် ဆီးရီးယား ရေကူးအားကစား သမား နှစ်ဦး၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံမှ ဂျူဒို ကစားသမား နှစ်ဦး နှင့် အီသီယိုးပီးယား နှင့်တောင်ဆူဒန် နိုင်ငံများမှ အပြေးသမား ၆ ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကြေညာချက်တွင် ဖော်ပြထားသည်။

ကစားသမားအားလုံးသည် ပဋိပက္ခ နှင့် ဖိနှိပ်မှုဒဏ်ကြောင့် နေရပ်တိုင်းပြည်ကို စွန့်ခွာ ထွက်ပြေးလာကြသူများ ဖြစ်ပြီး ဘယ်လ်ဂျီယံ ၊ ဂျာမနီ ၊ လူဇင်ဘတ် ၊ ကင်ညာ နှင့် ဘရာဇီးနိုင်ငံများတွင် ခိုလှုံခွင့် တောင်းခံထားကြသူများ ဖြစ်သည်။

ဘရာဇီးနိုင်ငံ မာရာကာနာ အားကစား ပြိုင်ကွင်းတွင် ပြုလုပ်မည့် အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားသည် အိုလံပစ် အလံတော်အောက် ဒုက္ခသည်အသင်း ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခြင်းဖြစ်သည်။ ၎င်းတို့အသင်းသည် အခြားပြိုင်ပွဲဝင် အသင်းများနှင့် တန်းတူ ပါဝင်ခွင့်ရရှိပြီး အသင်းအတွက် ကုန်ကျစရိတ်ကို IOC အဖွဲ့က ပေးအပ်သွားမည်ဟု ဆိုသည်။

ဘရာဇီးနိုင်ငံတွင် သြဂုတ်လ ၅ ရက်မှ ၂၁ ရက်ထိ ကျင်းပမည့် ၂ဝ၁၆ ခုနှစ်နွေရာသီ အိုလံပစ် ပြိုင်ပွဲသည် အားကစားနည်း မျိုးစုံ ပါဝင်မည့် အဓိက အားကစား ပြိုင်ပွဲကြီး တစ်ရပ် ဖြစ်လာမည်။
“ အိုလံပစ် ဒုက္ခသည်အသင်း ပါဝင်လာမှာကို အရမ်း စိတ်လှုပ်ရှား မိပါတယ်။ ဒုက္ခသည် ဖြစ်နေပေမယ့် သူတို့ရဲ့ အားကစားစွမ်းရည်ကို ပြသခွင့်ရဖို့အိပ်မက်တွေဟာ နောက်ဆုံးမှာတော့ အမှန်တကယ် ဖြစ်လာပါပြီ ” ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ကပြောသည်။

ထို့ပြင် ဒုက္ခသည် အသင်း ပါဝင် ယှဉ်ပြိုင်ခွင့် ရခြင်းသည် ၎င်းတို့ကိုယ်တိုင်နှင့် မိသားစုဝင်များ အတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို တည်ဆောက်ရန် တွန်းအားပေးရာ ရောက်ကြောင်း နှင့် အခက်အခဲများကို ဇွဲသတ္တိဖြင့် ရင်ဆိုင်ကျော်ဖြတ်ခဲ့သည့် ဒုက္ခသည် အားလုံးကို ဂုဏ်ပြုရာ ရောက်ကြောင်း Grandi က ဆက်ပြောသည်။

ကမ္ဘာတစ်လွှားတွင် ဖိနှိပ်မှုများ နှင့် ပဋိပက္ခများကြောင့် နေရပ် စွန့်ခွာထွက်ပြေးပြီး အိမ်ယာမဲ့ ဒုက္ခသည်များ အဖြစ် ခိုလှုံနေသူဦးရေမှာ ၂ဝ၁၄ ခုနှစ် နှစ်ကုန်ပိုင်းအထိ ၅၉.၅ သန်းရှိကြောင်း နှင့် ယင်းကာလမှ စတင်ကာ ဒုက္ခသည် အရေအတွက်သည် ဆက်လက် မြင့်တက်လျက် ရှိကြောင်း သိရသည်။ (Xinhua)