Connect with us

Latin America

ရီယိုအိုလံပစ်ပြိုင်ပွဲတွင် သတင်းသမားများ လိုက်ပါလာသည့် ဘတ်စ်ကား တိုက်ခိုက်ခံရ

ရီယိုအိုလံပစ်ပြိုင်ပွဲတွင်တိုက်ခိုက်ခံရသော ဘတ်စ်ကားအားတွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရီယိုဒီဂျနေရို ၊သြဂုတ် ၁ဝ ရက် (ဆင်ဟွာ)

ရီယိုအိုလံပစ်ပြိုင်ပွဲတွင် သတင်းရယူနေကြသည့် သတင်းသမားများလိုက်ပါလာသော ဘတ်စ်ကားသည် သြဂုတ်လ ၉ ရက်က Barra အိုလံပစ်ကစားကွင်းသို့မောင်းနှင်လာစဉ် လမ်းခရီးတစ်နေရာ၌ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ၊ ယင်းတိုက်ခိုက်မှုကြောင့် ကားပြတင်းမှန်များ ကွဲကြေသွားကြောင်းသိရသည်။

၎င်းဘတ်စ်ကားသည် ရီယိုမြို့မြောက်ပိုင်းရှိ Deodoro မှ မြို့တော်အနောက်တောင်ပိုင်းရှိ Barra အိုလံပစ်ပြိုင်ကွင်းသို့မောင်းနှင်လာစဉ် လမ်းမပေါ်၌ နှစ်ကြိမ်ပစ်ခတ်ခံရကြောင်း ဘရာဇီးနိုင်ငံပြည်တွင်းသတင်းဌာန UOLက သတင်းဖော်ပြသည်။တိုက်ခိုက်ခံရသော ဘတ်စ်ကားအား စစ်ဆေးမှုအပြီးတွင် သေနတ်ဖြင့် ပစ်ခတ်ခံရခြင်းမဟုတ်ဘဲ ကားမှန်ကွဲသွားစေရန်ရည်ရွယ်ပြီး ကျောက်တုံးဖြင့် ပစ်ပေါက်ခြင်းသာ ဖြစ်ကြောင်း ဘရာဇီးရဲတပ်ဖွဲ့က ပြောသည်။
အဆိုပါတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ မှန်ကန်ကြောင်း ရီယိုအိုလံပစ်ပြိုင်ပွဲကျင်းပရေးကော်မတီက အတည်ပြုပြောကြားပြီး ၊ ဖြစ်စဉ်နှင့်ပတ်သက်၍ ဘရာဇီးပြည်ထောင်စုရဲတပ်ဖွဲ့အပါအဝင် တာဝန်ရှိသူများက စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ပြောဆိုသည်။
တိုက်ခိုက်ခံရချိန်တွင် ဘတ်စ်ကားပေါ်၌ လူ ၁၂ ဦး လိုက်ပါလာကြောင်း ၊ ၎င်းတို့အနက် နှစ်ဦးမှာ ဒဏ်ရာ အနည်းငယ်စီ ရသွားကြောင်း သိရသည်။ ဘီလာရုနိုင်ငံမှ သတင်းသမား၏ လက်ပေါ်တွင် ဒဏ်ရာငယ်လေးတစ်ခုနှင့် အခြား စေတနာ့ဝန်ထမ်းလုပ်အားပေးသူတစ်ဦးမှာလည်း လက်မောင်းတွင် ဒဏ်ရာ ငယ်လေးတစ်ခု အသီးသီးရသွားကြကြောင်းသိရသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က ကျောက်တုံးဖြင့် ပစ်ပေါက်သည်ဟု ပြောဆိုထားသော်လည်း ဘတ်စ်ကားပေါ်တွင်လိုက်ပါလာကြသူများက ကျည်ဆံထိပ်ဖူးဖြင့် ပစ်ခတ်ခံရသည်ဟု သံသယ ရှိနေကြသည်။ စစ်မြေပြင်အတွေ့အကြုံရှိသည့် ရိုက်တာသတင်းဌာနမှ ဓာတ်ပုံသမားက အခင်းဖြစ်စဉ်မှာ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုသာ ဖြစ်ကြောင်း ပြောဆိုသည်။
အဆိုပါတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် Deodoro မှ ထွက်ခွာမည့် ဘတ်စ်ကားအားလုံးကို စစ်တပ်အစောင့်အရှောက်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.