Connect with us

North America

တက္ကဆက်စ်၌ အဆောက်အအုံပေါ်သို့ကရိန်းပြိုကျမှုကြောင့် လူ တစ်ဦးသေဆုံး

အမေရိကန်နိုင်ငံတက္ကဆက်စ်မြို့ ၌ ကရိန်းပြိုကျမှုဖြစ်ပွားသော အဆောက်အအုံအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဟူစတန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ် ဒါးလက်စ်မြို့၌ ဇွန် ၉ ရက် ညနေပိုင်းက မိုးကြိုးမုန်တိုင်း အကြိမ်ပေါင်းများစွာဖြစ်ပေါ်ခဲ့ပြီးနောက် အဆောက်အအုံတစ်လုံးပေါ်သို့ဝန်ချီစက်(ကရိန်း) တစ်ခုပြိုကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁ ဦးသေဆုံးပြီး အခြား ၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များက ဆိုသည်။

ဒါးလက်စ်မီးသတ်တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ Jason Evans က မြို့လယ်ခေါင်၌ ရှိသော အဆောက်အအုံထဲသို့ဝင်ရောက် ရှာဖွေမှုပြုလုပ်ခဲ့ရာ လူသေအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း ၊ ဝန်ချီစက်မှာ အဆောက်အအုံ၏ အရှေ့ပိုင်းပေါ်သို့ပြိုကျခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

တက္ကဆက်စ် မြောက်ပိုင်းတွင် လေပြင်းတိုက်ခိုက်ခြင်း ၊ မိုးသည်းထန်စွာရွာသွန်းခြင်း တို့ကြောင့် အဆောက်အအုံပေါ်သို့ကရိန်းပြိုကျမှုဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်း Evans က ဆက်လက်ပြောကြားခဲ့သည်။

ဒဏ်ရာရသူများအား ဒေသတွင်းဆေးရုံများသို့ပို့ဆောင်ပေးထားကြောင်း နှင့် ၎င်းတို့၏ အခြေအနေနှင့်ပတ်သက်၍ ချက်ခြင်းသတင်းထုတ်ပြန်ရန် မရှိကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံထဲမှ ကယ်ထုတ်ခဲ့သူများတွင် ၎င်းတို့မွေးထားသော ခွေးကလေးကိုသာ ပွေ့ချီထားအခြားပြီး မည်သည့်အရာမျှ သယ်ဆောင်လာခြင်းမရှိကြောင်း ပြည်တွင်းမီဒီယာအရသိရသည်။

ဒါးလက်စ်နံနက်ခင်းသတင်းစာက အချို့အိမ်မွေးခွေးကြောင်များသည် အဆောက်အအုံထဲတွင် ပိတ်မိနေဆဲဖြစ်ကြောင်း ဖော်ပြခဲ့သည်။

အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသဌာနက ဒါးလက်စ်/ဖို့ဒ်ဝေး မြို့အနီးတစ်ဝိုက်တွင် ဇွန် ၉ ရက် ည ၇ နာရီအထိ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်လျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့ပြီး မိုးသည်းထန်စွာရွာသွန်းခြင်း ၊ ရေကြီးခြင်း နှင့် မိုးသီးကြွေကျခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးခဲ့သည်။ ယင်းဒေသအတွင်းရှိ ဧရိယာအတော်များများတွင် ဒေသစံတော်ချိန် ညနေ ၅ နာရီအထိ ရေကြီးမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua)