Connect with us

North America

နယူးယောက်မြို့စိန့်ဂျွန်းဘုရားကျောင်း ခရစ်စမတ်ဖျော်ဖြေပွဲတွင် ပစ်ခတ်မှုဖြစ်ပွား ၊ သေနတ်သမား သေဆုံး

အမေရိကန်နိုင်ငံ နယူးယောက်မြို့ St. John the Divine ဘုရားကျောင်းအပြင်ဘက်၌ ဒီဇင်ဘာ ၁၃ ရက်က ပြုလုပ်သည့် ခရစ်စမတ်ဖျော်ဖြေပွဲတွင် ပစ်ခတ်မှုကျူးလွန်ခဲ့သည့် သေနတ်သမားအား ရဲတပ်ဖွဲ့က ပစ်ခတ်ဖမ်းဆီးပြီးနောက် သယ်ထုတ်ရန် ပြင်ဆင်နေစဉ်(ဓာတ်ပုံ-အင်တာနက်)

နယူးယောက် ၊ ဒီဇင်ဘာ ၁၄ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

အမေရိကန်နိုင်ငံနယူးယောက်မြို့ မန်ဟက်တန်ရှိ ဘုရားကျောင်းတစ်ခု၌ ယနေ့ ဒီဇင်ဘာ ၁၃ ရက်(ဒေသစံတော်ချိန်)တွင် ခရစ်စမတ်ဖျော်ဖြေပွဲတစ်ခုကျင်းပပြုလုပ်နေစဉ် သေနတ်သမားတစ်ဦးက လူအုပ်အနီးပစ်ခတ်မှုကျူးလွန်ခဲ့ရာ ယင်းသေနတ်သမားအား ရဲတပ်ဖွဲ့က အသေပစ်ခတ် ဖမ်းဆီးလိုက်ကြောင်း သိရသည်။

နယူးယောက်မြို့ရဲဌာနမှ ရဲအရာရှိနှစ်ဦး နှင့် ရဲတပ်ကြပ်တစ်ဦးတို့သည် အချင်းဖြစ်နေရာတွင်ရှိနေခဲ့ပြီး သေနတ်သမားအား ပြန်လည်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း နှင့် သေနတ်သမား၏ ဦးခေါင်းကို ကျည်ဆံထိမှန်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက် အရသိရသည်။

အဆိုပါ ပစ်ခတ်မှုသည် နယူးယောက်မြို့တော် အနောက် ၁၁၂ လမ်းထိပ် နှင့် အမ်စတာဒမ်ရိပ်သာ လမ်းထောင့်ရှိ နာမည်ကျော် စိန့်ဂျွန်းဘုရားကျောင်း(St.John) အပြင်ဘက် ဖျော်ဖြေရေး နေရာ၌ ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၅ မိနစ်ခန့်( ဂရင်းနစ်စံတော်ချိန် ၂၀၄၅ နာရီ) တွင်ဖြစ်ပွားခဲ့ကြောင်း ၊ ယင်းနေရာသည် ကိုလံဘီယာတက္ကသိုလ်နှင့် မလှမ်းမကမ်းတွင် တည်ရှိကြောင်း သိရသည်။

အဆိုပါ သေနတ်သမားသည် စိတ်လွတ်ကိုယ်လွတ်ဖြစ်နေပြီး ဘုရားကျောင်း နံရံကို တွယ်တက်ကာ လူအုပ်ကြီးအနီးဝင်ရောက်လာပြီးနောက် ဦးတည်ချက်မရှိဘဲ မိုးပေါ်ထောင်၍ ဗရမ်းဗတာပစ်ခတ်မှု စတင် ပြုလုပ်ခဲ့ကြောင်း မန်ဟက်တန်ကောင်စီလူကြီး Mark Levine က ဆိုသည်။

“ သူက သတ်ချင်တယ်လို့ အော်နေတယ်” ဟု Levine က ၎င်း၏ တွစ်တာတွင်ရေးသားခဲ့သည်။ “ ရဲတပ်ဖွဲ့က လျင်လျင်မြန်မြန်ပဲရောက်လာတယ်။ သေနတ်သမားအပစ်ခံလိုက်ရတယ်” ဟု ဆိုသည်။ယင်းသေနတ်သမားသည် အသက် ၅၀ နှစ် အရွယ်ခန့်ရှိကြောင်း ၊ သေလုမျောပါး သေနတ်ဒဏ်ရာရထားသော ၎င်းအား ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီး၍ နီးစပ်ရာဆေးရုံတစ်ခုသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၊ ယင်းနောက် St.Luke ဆေးရုံးတွင် ၎င်းသေဆုံးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့သည်။ ယင်းဖြစ်စဉ်တွင် အခြားထိခိုက်ဒဏ်ရာရသူ တစ်ဦးတစ်ဦးမျှ မရှိကြောင်း သိရသည်။(Xinhua)