Connect with us

North America

ပျံ့နှံ့မှုမြန်ဆန်သော ကယ်လီဖိုးနီးယား တောမီးကြောင့် အရေးပေါ်အခြေအနေ ကယ်လီဖိုးနီးယား အစိုးရ ကြေညာ

အမေရိကန်နိုင်ငံ အနောက်ပိုင်း ဗန်တူရာနယ်မြေတွင် တောမီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အနောက်ပိုင်း ဗန်တူရာခရိုင်တွင် ပျံ့နှံ့မှု မြန်ဆန်နေသော တောမီးကြောင့် မြေ ၄၅၅၀၀ ဧက မီးလောင်ကျွမ်းခဲ့ကာ နေအိမ် ရာပေါင်းများစွာ ပျက်စီးပြီး ဒေသခံ ၂၇၀၀၀ ဦး ရွှေ့ပြောင်းခဲ့ရသဖြင့် ဒီဇင်ဘာလ ၅ ရက်တွင် ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျယ်ရီဘရောင်းက အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

သောမတ်စ် မီးတောက်ကြီးဟု အမည်ပေးထားသော တောမီးသည် ဒီဇင်ဘာလ ၄ ရက် ညနေပိုင်းက Santa Paula မြို့ရှိ Aquinas ကောလိပ်နှင့် Stekel ပန်းခြံ၌ စတင်လောင်ကျွမ်းခဲ့ပြီး အမှတ် ၁၅၀ အဝေးပြေးလမ်းမကြီးဘေး နှစ်ဘက်တစ်လျှောက် လောင်ကျွမ်းခဲ့သည်။ တောမီးလောင်ကျွမ်းစဉ် တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် မီးစတင်လောင်ကျွမ်းပြီး နာရီအနည်းငယ်အတွင်းမှာ အံ့သြဖွယ် မီးတောက် ကြီးမားခဲ့ခြင်း ဖြစ်ပြီး လော့စ်အိန်ဂျလိစ်မြို့လယ်မှ အနောက်မြောက်ဘက် ၁၁၀ ကီလိုမီတာအကွာရှိ Santa Paula နှင့် Ventura မြို့များအတွက် အန္တရာယ်ရှိနေကြောင်း သိရသည်။

“တောမီးက အရမ်း အန္တရာယ်များပြီး ပျံ့နှံ့နှုန်းလဲ အရမ်းမြန်တယ်၊ ဒါပေမဲ့ ကျွန်တော်တို့ တတ်နိုင်သလောက် ဆက်ပြီး ငြှိမ်းသတ်သွားမှာပါ။ စိုးရိမ်ဖွယ် နေရာတွေက ဒေသခံတွေအနေနဲ့ ပြောင်းရွှေ့ဖို့ လိုအပ်ပါက ချက်ချင်းပြောင်းနိုင်အောင် အသင့်ရှိနေစေလိုပါတယ်” ဟု အုပ်ချုပ်ရေးမှူး ဘရောင်းက သတင်းစာရှင်းလင်းပွဲက ပြောကြားခဲ့သည်။

ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲမှုလုပ်ငန်းက သောမတ်စ်တောမီးအား ထိန်းချုပ်ရန်၊ စီမံခန့်ခွဲရန်နှင့် မီးဘေးအန္တရာယ် လျော့ပါးသက်သာရန်အတွက် မီးဘေး စီမံခန့်ခွဲမှု အကူအညီများ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကယ်လီဖိုးနီးယားတွင် တောမီးလောင်ကျွမ်းမှုများစွာ ဖြစ်ပွားလျက်ရှိသည်။ အခြား အားပြင်းသည့် တောမီးတစ်ခုဖြစ်သော Creek Fire ကြောင့် လော့စ်အိန်ဂျလိစ်နယ်မြေတွင် အနည်းဆုံး ဧက ၄၀၀၀ မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။ (Xinhua)