Connect with us

North America

မက္ကဆီကို နိုင်ငံ အနောက်ပိုင်းတွင် လူနေအိမ်မီးလောင်မှုကြောင့် လူ ၅ ဦးသေဆုံး

ဒီဇင်ဘာ ၂၈ ရက်က မက္ကဆီကိုစီးတီးတွင် မီးလောင်မှုဖြစ်ပွားခဲ့သည့် နေရာအား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကို စီးတီး ၊ ဒီဇင်ဘာ ၃၀ ရက်(ဆင်ဟွာ)

မက္ကဆီကို နိုင်ငံအနောက်ပိုင်း Jalisco ပြည်နယ် Zapopanမြို့တွင် ဒီဇင်ဘာ ၂၉ ရက်က လူနေအိမ် တစ်အိမ်မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၅ ဦး သေဆုံးခဲ့ကြောင်း ၊ သေဆုံးသူများအနက် အရွယ်မရောက် သေးသောကလေးငယ်တစ်ဦး ပါဝင်ကြောင်း မြို့ပြကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။

မီးလောင်မှုမှာ နှစ်ထပ်လူနေအိမ်တစ်အိမ်တွင်ဖြစ်ကြောင်း ၊ ကနဦးအနေဖြင့် သေဆုံးသူများသည် မီးလောင်ကျွမ်းခြင်းနှင့် မီးခိုးများအလွန်အကျွံရှုရှိုက်မိခြင်းကြောင့် သေဆုံးခြင်းဖြစ်နိုင်သည်ဟု ယူဆရကြောင်း Zapopanမြို့ မြို့ပြကာကွယ်ရေးဌာနက ပြောကြားခဲ့သည်။မီးလောင်မှုဖြစ်ပွားချိန်တွင် ပေါက်ကွဲသံကြားရကြောင်း အချင်းဖြစ်ပွားသည့်အနေရာအနီးတွင်နေထိုင်သူများက ဆိုသည်။

မီးလောင်မှုဖြစ်ပွားသည့် အခြေအနေအရကြည့်လျှင် ပေါက်ကွဲမှုမှာ မီးဖိုချောင်အတွင်းရှိ ဓါတ်ငွေ့ပေါက်ကွဲမှု ဖြစ်နိုင်ကြောင်း မြို့ပြကာကွယ်ရေးဌာန အရာရှိတစ်ဦး ကဆိုသည်။ သက်ဆိုင်ရာဌာနများက အချင်း ဖြစ်ပွားသည့်အကြောင်းအရင်းနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။မက္ကဆီကိုနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း မီးလောင်မှုများ ဖြစ်ပွားခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက မက္ကဆီကိုနိုင်ငံအလယ်ပိုင်း Pueblaပြည်နယ် ခရစ္စမတ်ဈေးပွဲတော်တွင် မီးလောင်မှု ဖြစ်ပွားခဲ့သလို ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းကလည်း မက္ကဆီကိုစီးတီး အရှေ့တောင်ဘက်ရှိ လူနေအိမ်တစ်ခုမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ လူ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)