Connect with us

North America

သက်ငယ်မုဒိန်းမှုဖြင့် အမေရိကန်အမျိုးသားတစ်ဦးကို ထောင်ဒဏ် နှစ် ၃၃ဝ ချမှတ်

ထောင်ဒဏ် နှစ်ပေါင်း ၃၃ဝ ချမှတ်ခံရသော ကလေးလိင်မုဆိုး Alex Lopez အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

လောစ့်အိန်ဂျလိစ် ၊ အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် မှ အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို သက်ငယ်မုဒိန်းမှုဖြင့် ထောင်ဒဏ် နှစ်ပေါင်း ၃၃ဝ ချမှတ်လိုက်ကြောင်း Tulare ခရိုင် အစိုးရရှေ့နေရုံးက အောက်တိုဘာ ၂၅ ရက်တွင် ပြောကြားခဲ့သည်။

အစိုးရရှေ့နေရုံး၏ သတင်းထုတ်ပြန်ချက်အရ လောစ့်အိန်ဂျလိစ်မြို့မှ မြောက်ဖက် ၃၄ဝ ကီလိုမီတာအကွာတွင်တည်ရှိသော ဗီဆလီယာ(Visalia) ၌ နေထိုင်သည့် Alex Lopez ဆိုသူသည် အသက် ၁၄ နှစ်အောက် အရွယ် ကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ခြင်းအပါအဝင် စွဲချက်ပေါင်း ၂၂ မှုကို စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု ဖော်ပြထားသည်။

Lopez က ၁၉၉၃ ခုနှစ် ဇူလိုင်လ မှ ၂ဝဝ၉ ခုနှစ် မေလအထိ ၁၆ နှစ်နီးပါးကာလအတွင်း အသက် ၁ဝ နှစ်(သို့မဟုတ်) ၁ဝ နှစ်အောက် အရွယ်ရှိ အမျိုးသမီးငယ် ၄ ဦး နှင့် အမျိုးသားတစ်ဦးကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည်။

“ အဓမ္မကျူးလွန်ခံရတဲ့ မိသားစုဝင်တွေကိုယ်စား ပြစ်မှုကျူးလွန်တဲ့ တရားခံကို တရားစီရင်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်” ဟု ခရိုင်ရှေ့နေချုပ် Tim Ward က သတင်းထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ “ လူမှုအသိုင်းအဝိုင်းတစ်ခုမှာ ကလေးသူငယ်တွေပေါ် ကျူးလွန်တဲ့ ပြစ်မှုထက် ပိုကြီးတဲ့ အမှုတွေ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။

အမေရိကန်နိုင်ငံ ကျန်းမာရေး နှင့် လူမှုကူညီရေးဌာန၏ ထုတ်ပြန်ချက်အရ ၂ဝဝ၅ ခုနှစ်တွင် ကလေးသူငယ်လိင်ပိုင်းဆိုင်ရာ စော်ကားမှု တိုင်တန်းချက်ပေါင်း ၈၃,၆ဝဝ မှုကို ဌာနအနေဖြင့် လက်ခံရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.