Connect with us

North America

အနုမြူဗုံးကျဲချခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အမေရိကန်က ဂျပန်ကိုတောင်းပန်ရန် အကြွေးတင်နေခြင်းမရှိဟု အိမ်ဖြူတော်ပြော

ဟီရိုရှီးမား ငြိမ်းချမ်းရေး ပန်းခြံသို့လာရောက် လည်ပတ်နေကြသည့် G7 နိုင်ငံခြားရေးဝန်ကြီးများအားတွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ မေ ၃ ရက် (ဆင်ဟွာ)

၁၉၄၅ ခုနှစ်က ဂျပန်နိုင်ငံပေါ်သို့အနုမြူဗုံးကျဲချခဲ့ခြင်း နှင့်ပတ်သက်ပြီး အမေရိကန်နိုင်ငံသည် ဂျပန်နိုင်ငံအား တရားဝင် တောင်းပန်ရန် အကြွေးတင်နေသည်ဟု အမေရိကန်သမ္မတ အိုဘားမားက ယုံကြည်လက်ခံထားခြင်းမရှိကြောင်း အိမ်ဖြူတော်ပြောခွင့်ရ ပုဂ္ဂိုလ် Josh Earnest က မေလ ၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ အနုမြူဗုံးကျဲချခဲ့ခြင်းအပေါ် သမ္မတအိုဘားမားအနေဖြင့် ဂျပန်နိုင်ငံအား တောင်းပန်မည်ဟု ထင်မြင်ပါသလားဟု သတင်းသမားများ၏ အမေးကို “ မရှိပါဘူး။ သူလုပ်မှာမဟုတ်ပါဘူး” ဟု Earnest က ပြန်လည်ဖြေကြားခဲ့သည်။
ထို့ပြင် ဂျပန်နိုင်ငံ၌ မေလကုန်ပိုင်းတွင် ကျင်းပမည့် G7 ထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် ရှိနေသည့် သမ္မတအိုဘားမားသည် ဟီရိုရှီးမားမြို့သို့သွားရောက်လည်ပတ်ရန် အစီအစဉ်ရှိမရှိကို ယခုချိန်ထိ ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း Earnest ကဆိုသည်။
ဧပြီလက ကျင်းပခဲ့သည့် G7 နိုင်ငံခြားရေးဝန်ကြီးများဆွေးနွေးပွဲအပြီးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အခြား G7 နိုင်ငံခြားရေးဝန်ကြီးများ နှင့်အတူ ဟီရိုရှီးမား ငြိမ်းချမ်းရေးအမှတ်တရ ပန်းခြံသို့သွားရောက်လည်ပတ်ခဲ့သည်။
ကယ်ရီသည် အနုမြူဗုံးဒဏ်ခံရသည့် မြို့သို့ပထမဆုံးသွားရောက်လည်ပတ်သည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အဖြစ်မှတ်တမ်းဝင်ခဲ့ပြီး ကယ်ရီ၏ ခရီးစဉ်သည် အိုဘားမားအတွက်လည်း ရှေ့ပြေးလက္ခာတစ်ရပ်ဖြစ်နိုင်ကြောင်း ဂျပန်အစိုးရက မျှော်လင့်ထားသည်။
အမေရိကန်နိုင်ငံသည် ၁၉၄၅ ခုနှစ် သြဂုတ် ၆ ရက်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်သို့အနုမြူဗုံးတစ်လုံးကျဲချခဲ့ပြီး နောက်သုံးရက်အကြာတွင် နာဂါဆာကီမြို့ပေါ်သို့ထပ်မံကျဲချခဲ့ရာ လူထောင်ပေါင်းများစွာ အသက်သေဆုံးခဲ့ရသည်။
အဆိုပါဗုံး နှစ်လုံးသည် လူ့သမိုင်းတစ်လျှောက် စစ်ပွဲများတွင် ပထမဆုံးအသုံးပြုခဲ့သော အနုမြူဗုံးများဖြစ်ခဲ့ပြီး ၎င်းဗုံးဒဏ်ကြောင့်ပင် ဂျပန်နိုင်ငံသည် ဒုတိယကမ္ဘာစစ်တွင် လက်နက်ချ အညံ့ခံခဲ့ရခြင်းဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.