Connect with us

North America

အမေရိကန်စစ်သင်္ဘောက အီရန်သင်္ဘောများအား သတိပေးပစ်ခတ်မှုပြုလုပ်

၅ ကြိမ်မြောက် ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်ရန် ဘာရိန်းနိုင်ငံကမ်းရိုးတန်းသို့ ရောက်ရှိနေသော အမေရိကန်စစ်သင်္ဘောတစ်စင်းအားတွေ့ ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ဇန်နဝါရီ ၁ဝ ရက်(ဆင်ဟွာ)

အမေရိကန်စစ်သင်္ဘောတစ်စင်းက အီရန်သင်္ဘောများအား Hormuz ရေလက်ကြားအနီး၌ ဇန်နဝါရီလ ၉ ရက်တွင် သတိပေး ပစ်ခတ်မှုများပြုလုပ်ခဲ့ရကြောင်း အမေရိကန်ပြည်တွင်းသတင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

Hormuz ရေလက်ကြားအတွင်း ဝင်ရောက်လာသော အမေရိကန် USS Mahan စစ်သင်္ဘော နှင့် အခြားစစ်သင်္ဘောနှစ်စင်းအနီးသို့ဦးတည် ချဉ်းကပ်လာသော အီရန်သင်္ဘောငါးစင်းကို အမေရိကန်စစ်သင်္ဘော USS Mahan က ခြောက်လှန့်ပစ်ခတ်ခဲ့ကြောင်း အမည်မဖော်လိုသည့် သတင်းအရင်းအမြစ်များကပြောဆိုခဲ့ကြောင်း CNN သတင်းဌာနက သတင်းဖော်ပြခဲ့သည်။သတိပေးပစ်ခတ်မှုများပြုလုပ်ခဲ့ရခြင်းမှာ အီရန်သင်္ဘောများသည် USS Mahan စစ်သင်္ဘောဆီသို့အရှိန်ပြင်းစွာဖြင့် ဦးတည်မောင်းနှင်လာခြင်းကြောင့် ဖြစ်ကြောင်း CNN က သတင်းဖော်ပြခဲ့သည်။အဆိုပါ ပစ်ခတ်မှုသည် လွန်ခဲ့သောနှစ်များအတွင်း အမေရိကန်နိုင်ငံ နှင့် အီရန် နိုင်ငံတို့အကြား နောက်ဆုံးအကြိမ်ဖြစ်ပေါ်ခဲ့သော နှစ်နိုင်ငံကြားတင်းမာမှုဖြစ်ရပ်တစ်ခုဖြစ်ကြောင်း သိရသည်။

အခြား မတော်တဆမှုတစ်ခုမှာ ၂ဝ၁၆ ခုနှစ်အစောပိုင်းက အီရန်နိုင်ငံရေပိုင်နက်အတွင်းဝင်ရောက်လာသော သင်္ဘောတစ်စင်းမှ အမေရိကန် သင်္ဘောသားများကို အီရန်နိုင်ငံက ၁၅ နာရီကြာ ထိန်းသိမ်းမှုပြုလုပ်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ထုတ်ပြန်သောအစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။အမေရိကန်ရေတပ်မှ ပြုလုပ်သော စုံစမ်းစစ်ဆေးမှုအရ အဆိုပါ သင်္ဘောသည် အီရန်နိုင်ငံရေပိုင်နက်ထဲသို့ဝင်ရောက်ခဲ့သည်ကို အချက်ပေးညွှန်ပြမှုကိရိယာက ညွှန်ပြထားခြင်းမရှိကြောင်း တွေ့ရှိရသည်။ သို့ရာတွင် အခြားသင်္ဘောတစ်စင်းမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ရေပိုင်နက်အကူးအပြောင်းတွင် အချိန်နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။ (Xinhua)