Connect with us

North America

အမေရိကန်နိုင်ငံအိုဟိုင်းအိုးပြည်နယ်၌ ပစ်ခတ်မှုဖြစ်ပွားရာ လူ ၉ ဦးသေဆုံး ၊ သေနတ်သမားအား အသေပစ်သတ်ဖမ်းဆီးခဲ့ရ

အမေရိကန်နိုင်ငံ အိုဟိုင်းအိုး၌ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လုံခြုံရေးတပ်ဖွဲ့ ဝင်များအားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန် ၊ သြဂုတ် ၄ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်(Ohio) ၌ ယနေ့သြဂုတ် ၄ ရက် နံနက်အစောပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၉ ဦးသေဆုံးပြီး အခြားလူ ၁၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့ဆိုသည်။

၎င်းပစ်ခတ်မှုမှာ ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် Dayton မြို့၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။“ သေနတ်သမားကို အသေပစ်ခတ်ဖမ်းဆီးခဲ့တယ်။ အခြားလူ ၉ဦးလည်း သေဆုံးခဲ့ရတယ်။ ပြီးတော့ နောက်ထပ်ဒဏ်ရာရတဲ့ အနည်းဆုံး လူ ၁၆ ယောက်ကို ဆေးရုံကို ပို့ဆောင်ပေးခဲ့ရတယ်” ဟု Dayton ရဲဌာနက တွစ်တာလူမှုကွန်ရက်တွင်ရေးသားဖော်ပြခဲ့သည်။

“ ပစ်ခတ်မှုစစခြင်းမှာပဲ ကျွန်တော်တို့ရဲတပ်ဖွဲ့ဝင်တွေဟာ အချင်းဖြစ်နေရာကို ချက်ခြင်းသွားခဲ့ပါတယ်။ ပြီးတော့ လျင်လျင်မြန်မြန်ကိုင်တွယ် ဖြေရှင်းခဲ့ပါတယ်” ဟု ၎င်းကဆိုသည်။ ပြည်ထောင်စုစုံစမ်းစစ်ဆေးရေးဗျူရို(FBI)အနေဖြင့် အခင်းဖြစ်ကိစ္စအပေါ် စုံစမ်းစစ်ဆေးမှုလုပ်ငန်းများတွင် အကူအညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယခုပစ်ခတ်မှုသည် အမေရိကန်နိုင်ငံ၌ ၂၄ နာရီအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားသော လူအမြောက်အမြားသေဆုံးခဲ့ရသည့် သေနတ်ပစ်ခတ်မှုတစ်ခုဖြစ်သည်။ပြီးခဲ့သော နာရီအနည်းငယ်ကလည်း အမေရိကန်နိုင်ငံ တက္ကဆက်စ်ပြည်နယ်ရှိ El Paso ဈေးဝယ်စင်တာ၌ သေနတ် ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၂ဝ သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ အဆိုပါပစ်ခတ်မှုကျူးလွန်သည့် အသက် ၂၁ နှစ်အရွယ် လူဖြစ်တစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း သိရသည်။(Xinhua)