Connect with us

North America

အမေရိကန်နိုင်ငံ ကန်တက်စကီး အထက်တန်းကျောင်းပစ်ခတ်မှုတွင် ၂ ဦးသေ ၊ ၁၇ ဦးဒဏ်ရာရ

သေနတ်ပစ်ခတ်မှုဖြစ်ပွားသော အမေရိကန်နိုင်ငံ ကန်တက်စကီး ကျောင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

ချီကာဂို ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ကန်တက်စကီးပြည်နယ် အနောက်တောင်ပိုင်းရှိ အထက်တန်းကျောင်း တစ်ကျောင်း၌ ဇန်နဝါရီ ၂၃ ရက် နံနက်ပိုင်းတွင် သေနတ်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ ကျောင်းသား ၂ ဦးသေဆုံးပြီး ၁၇ ဦးထိခိုက်ဒဏ်ရာ ရခဲ့ကြောင်း ကန်တက်စကီးအုပ်ချုပ်ရေးမှူးမက်ဘီဗင်း (Matt Bevin) က ပြောကြားခဲ့သည်။

Marshall မြို့ပညာရေးဘုတ်အဖွဲ့ရုံး၌ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဘီဗင်းက သေနတ်ပစ်ခတ်သူမှာ အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ကြောင်း ၊ ၎င်းအား လူသတ်မှု နှင့် လူသတ်ရန် ကြံရွယ်မှုများဖြင့် တရားစွဲဆိုရန် အချုပ်ခန်း၌ ထိန်းသိမ်းထားကြောင်း ပြောကြားခဲ့သည်။

ပစ်ခတ်ရခြင်း အသေးစိတ်အကြောင်းအရာကို သိရှိရန် ပြည်သူများအနေဖြင့် စိတ်ရှည်သည်းခံကြရန် နှင့် စုံစမ်းစစ်ဆေးမှု လုပ်ငန်းစဉ်အား အန္တရာယ် မပြုလုပ်ကြပါရန် ၎င်းက တိုက်တွန်းနှိုးဆော်ထားသည်။

ကျောင်းသူတစ်ဦးမှာ အခင်းဖြစ်နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခြားကျောင်းသားတစ်ဦးမှာ ဆေးရုံ၌ သေဆုံးသွားကြောင်း ကန်တက်စကီးအုပ်ချုပ်ရေးမှူးက ဆိုသည်။

ဒေသဆိုင်ရာရဲတပ်ဖွဲ့ဝင်များသည် တရားခံနေအိမ်အား စတင်ရှာဖွေနေကြောင်း ၊ ပစ်ခတ်ရခြင်းအကြောင်းအရာကို ဖော်ထုတ်ရန် ကြိုးပမ်းနေကြောင်း သိရသည်။

ပစ်ခတ်မှုသည် ဇန်နဝါရီ ၂၃ရက် နံနက် ၈ နာရီတွင် ဖြစ်ပွားခဲ့ကြောင်း ၊ အခင်းဖြစ်နေရာအား မကြာမီအချိန်အတွင်းမှာပင် ပြန်လည် ထိန်းသိမ်းနိုင်ခဲ့ကြောင်း နှင့် တရားခံအား ခုခံမှုတစ်စုံတစ်ရာမရှိဘဲ ဖမ်းဆီးနိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။(Xinhua)