Connect with us

North America

အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးအဖြစ် ရောဘတ် အိုဘရီယန်ကို ခန့်အပ်မည်

အမေရိကန်နိုင်ငံ အမျိုးသား လုံခြုံရေးအကြံပေးအဖြစ် ခန့်အပ်ခံရသည့် ရောဘတ် အိုဘရီယန်အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဝါရှင်တန်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဓားစာခံရေးရာ အဆင့်မြင့်တာဝန်ရှိသူ ရောဘတ် အိုဘရီယန် (Robert O’Brien) အား အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ခန့်အပ်မည်ဟု စက်တင်ဘာလ ၁၈ ရက်က ကြေညာလိုက်ကြောင်း သိရသည်။

“နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဓားစာခံရေးရာဆိုင်ရာ သမ္မတအထူးသံတမန်အဖြစ် အောင်မြင်စွာ တာဝန်ထမ်းဆောင်နေတဲ့ ရောဘတ် အိုဘရီယန်ကို အမျိုးသား လုံခြုံရေးအကြံပေးသစ်အဖြစ် ခန့်အပ်မယ့်အကြောင်း ကြေညာရတဲ့အတွက် ကျွန်တော် ကျေနပ်မိပါတယ်” ထရမ့်က တွစ်တာ၌ ပြောကြားခဲ့သည်။

အိုဘရီယန်သည် ထရမ့်အစိုးရတွင် တတိယမြောက် အမျိုးသား လုံခြုံရေးအကြံပေး ဂျွန်ဘိုလ်တန် (John Bolton) ၏ နေရာ၌ အစားထိုးဝင်ရောက်မည်ဖြစ်သည်။

“ရောဘတ်နဲ့ ကျွန်တော် ကာလရှည် ကြိုးကြိုးစားစား လုပ်ကိုင်ခဲ့ပါတယ်။ သူ အကောင်းဆုံး အလုပ် လုပ်သွားမှာပါ” ဟု ထရမ့်က ဖြည့်စွက်ပြောခဲ့သည်။

အိုဘရီယန်သည် ပြီးခဲ့သည့် အစိုးရအဖွဲ့များတွင် အစိုးရရာထူးများစွာ တာဝန်ထမ်းဆောင်ခြင်းမပြုမီ ရှေ့နေတစ်ဦးအနေဖြင့် လုပ်ကိုင်ခဲ့ကြောင်း၊ ၎င်းအား ထရမ့်က နောက်ဆုံး လျာထားသူ ၅ ဦးအနက် ရွေးချယ်ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

အမျိုးသား လုံခြုံရေး အကြံပေးရာထူးအတွက်မူ ဆီးနိတ်လွှတ်တော်၏ အတည်ပြုချက် ရယူရန် မလိုအပ်ကြောင်း သိရသည်။ (Xinhua)