Connect with us

North America

အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ရှောင်စပိုက်ဆာ ရာထူးမှ နုတ်ထွက်

အမေရိကန်နိုင်ငံ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာအား မေလ ၁၆ ရက်က အိမ်ဖြူတော်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခု၌ တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က နယူးယောက်မှ ငွေကြေး အမြောက်အမြား ထောက်ပံ့သူ အန်တိုနီ စကာရမ်မက်စီ (Anthony Scaramucci) အား အိမ်ဖြူတော် ပြန်ကြားရေး ညွှန်ကြားရေးမှူးသစ်အဖြစ် ခန့်အပ်လိုက်ပြီးနောက် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ရှောင်စပိုက်ဆာ (Sean Spicer) က ဇူလိုင်လ ၂၁ ရက်တွင် ရာထူးမှ နုတ်ထွက်လိုက်ကြောင်း သိရသည်။

စကာရမ်မက်စီအား ရာထူးခန့်အပ်ခြင်းအပေါ် ၎င်းအနေဖြင့် လုံးဝသဘောမတူကြောင်း သမ္မတ ထရမ့်အား ကန့်ကွက်ပြီးနောက် စပိုက်ဆာက ယခုလို ရာထူးမှ နုတ်ထွက်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် မီဒီယာက ဖော်ပြထားသည်။

နယူးယောက်တိုင်းမ်၏ သတင်းတွင် စပိုက်အား ရာထူးမှ မနုတ်ထွက်ရန် ထရမ့်က ပြောကြားခဲ့သော်လည်း စကာရမ်မက်စီအား ခန့်အပ်လိုက်ခြင်းမှာ ကြီးမားသော အမှား တစ်ခုဖြစ်သည်ဟု စပိုက်ဆာက ယုံကြည်ထားသည်ဟု ဖော်ပြထားသည်။

အကယ်၍ စပိုက်ဆာက ရာထူးမှ မနုတ်ထွက်ခဲ့ပါက စကာရမ်မက်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်ရမည် ဖြစ်သည်။

“အမေရိကန်နိုင်ငံနဲ့ သမ္မတ ဒေါ်နယ်ထရမ့်အတွက် တာဝန်ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်” ဟု ၎င်း၏ ရာထူးမှ ရုတ်တရက် နုတ်ထွက်မှုအပေါ် အမေရိကန် မီဒီယာများက သတင်း ဖော်ပြပြီးနောက် စပိုက်ဆာက တွစ်တာအကောင့်တွင် ရေးသားခဲ့သည်။

“ကျွန်တော် သြဂုတ်လအထိ ဆက်ပြီးတာဝန်ထမ်းဆောင်ဦးမှာပါ” ဟု စပိုက်ဆာက ပြောသည်။

စပိုက်ဆာသည် အစောပိုင်းက သတင်းစာရှင်းလင်းပွဲများ၌ သတင်းစာဆရာများနှင့် ထိပ်တိုက်ရင်ဆိုင်မှုများ ရှိခဲ့ပြီးနောက် အိမ်ဖြူတော်အတွင်း အငြင်းပွားဖွယ်ရာ ပြယုဂ် တစ်ခု ဖြစ်လာခဲ့သည်။

အသက် ၄၅ နှစ်အရွယ်ရှိပြီ ဖြစ်သော စပိုက်ဆာသည် ရီပက်ဘလစ်ကန် အမျိုးသား ကော်မတီ၏ ဆက်သွယ်ရေး ညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထရမ့် သမ္မတ ဖြစ်ပြီးနောက် အိမ်ဖြူတော်သို့ ရောက်ရှိလာခဲ့သည်။

အိမ်ဖြူတော် ပြန်ကြားရေး ညွှန်ကြားရေးမှူးသစ်ဖြစ်လာမည့် စကာရမ်မက်စီသည် အမေရိကန် နိုင်ငံရေးသမား နှင့် ငွေကြေး အမြောက်အမြား ထောက်ပံ့သူ တစ်ဦးဖြစ်ပြီး ဘဏ်လုပ်ငန်းများစွာနှင့် အခြား ငွေကြေးဆိုင်ရာ အဖွဲ့အစည်းများ၌ လုပ်ကိုင်ခဲ့သူ ဖြစ်သည်။

၎င်းသည် ယခင်က CNN မှ ထုတ်လွှင့်ခဲ့သည့် ရုရှား ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေနှင့် ဆက်နွှယ်မှုရှိသော သတင်း တစ်ပုဒ်၌ ပါဝင်ခဲ့ဖူးသော်လည်း CNN က သတင်းကို ပြန်လည်ရုပ်သိမ်းခဲ့သည်။

အိမ်ဖြူတော် ပြန်ကြားရေး ညွှန်ကြားရေးမှူး Mike Dubke က ဇွန်လ အစောပိုင်းက ရာထူးမှ ဖယ်ရှားခံရပြီးနောက် စကာရမ်မက်စီအား ခန့်အပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.