Connect with us

North America

အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ် ပရဝဏ်အတွင်း တိုက်ခိုက်မှုဖြစ်ပွားရာ ၁၁ ဦးဒဏ်ရာရ၊ တရားခံအား အသေဖမ်းဆီး

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည် တက္ကသိုလ်တွင် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် မြင်တွေ့ ရစဉ် ( ဆင်ဟွာ)

ဝါရှင်တန် ၊ နိုဝင်ဘာ ၂၉ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်(OSU) ပရဝဏ်အတွင်း နိုဝင်ဘာလ ၂၈ ရက် က ဓားဖြင့်တိုက်ခိုက်မှုကြောင့် လူပေါင်း ၁၁ ဦးဒဏ်ရာရသွားကြောင်း နှင့် ဓားကိုင်တိုက်ခိုက်သူ ( သံသယတရားခံ) ကို သေနတ်ဖြင့် အသေပစ်သတ် ဖမ်းဆီးလိုက်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

ဒဏ်ရာရသူအများစုမှာ အခြေအနေတည်ငြိမ်နေပြီဖြစ်ကြောင်း နှင့် ၎င်းတို့အား ဒေသတွင်းဆေးရုံများတွင် ဆေးကုသမှုပေးထားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်သူသည် လမ်းလျှောက်လာသည့် လူအုပ်ထဲသို့ကားကို အရှိန်ပြင်းမောင်းနှင်း၍ ဝင်တိုက်ခဲ့ကြောင်း ၊ ထို့နောက် ကားပေါ်မှ ဆင်း၍ လူအုပ်ကြီးအား ဓားဖြင့် လိုက်လံခုတ်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ကဆိုသည်။

အခင်းဖြစ်ပွားစဉ် မိနစ်ပိုင်းအတွင်းမှာ ဓားကိုင် တိုက်ခိုက်သူကို တက္ကသိုလ်လုံခြုံရေးရဲတပ်ဖွဲ့မှ ရဲအရာရှိ Alan Horujko က သေနတ်ဖြင့် အသေပစ်ခတ်ဖမ်းဆီးလိုက်ကြောင်း OSU ရဲတပ်ဖွဲ့အကြီးအကဲ Craig Stone က ဆိုသည်။

အိုဟိုင်းအိုးပြည်နယ်တက္ကသိုလ်ကျောင်းသားများအား ဝင်ရောက်တိုက်ခိုက်သူမှာ ဆိုမာလီယားနိုင်ငံ၌ မွေးဖွားခဲ့သူတစ်ဦးဖြစ်ကြောင်း နှင့် ၎င်းသည် အမေရိကန်နိုင်ငံ၌ တရားဝင် အမြဲတမ်းနေထိုင်ခွင့်ရရှိထားသူတစ်ဦးဖြစ်ကြောင်း OSUတက္ကသိုလ် ပြည်သူ့လုံခြုံရေးဌာန ညွှန်ကြားရေးမှူးMonica Moll က အတည်ပြုပြောကြားခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းရှင်းလင်းလင်းမသိရှိရသေးကြောင်း ၊ အကြမ်းဖက်တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ဖွယ်ရှိကြောင်း ကိုလံဘတ်စ်ရဲတပ်ဖွဲ့အကြီးအကဲ Kim Jacobs က ဆိုသည်။

အနည်းဆုံး လူ နှစ်ဦးမှာ ဓားဒဏ်ရာများ ရှိခဲ့ကြောင်း နှင့် အခြား လူ လေးဦးမှာ ကားဖြင့် အတိုက်ခံရ၍ ရရှိထားသော ဒဏ်ရာများဖြစ်ကြောင်း တက္ကသိုလ်အာဏာပိုင်များက ဆိုသည်။

OSU က အခင်းဖြစ်နေ့တွင် ကျန်ရှိနေသော စာသင်ချိန် အတန်းအားလုံးကို ပိတ်ထားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ OSU တက္ကသိုလ်သည် အမေရိကန်နိုင်ငံရှိ အကြီးဆုံး တက္ကသိုလ်စာရင်းဝင် တက္ကသိုလ်တစ်ခုဖြစ်ပြီး ကိုလံဘတ်စ်ကျောင်းပရဝဏ်အတွင်း ကျောင်းသားပေါင်း ၆ သောင်းနီးပါးရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.