Connect with us

North America

၂၀၂၀ ရွေးကောက်ပွဲတွင် စစ်တပ်က ပါဝင်ပတ်သက်မည်မဟုတ်ဟု အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးပြော

အမေရိကန်နိုင်ငံ ပူးတွဲ စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အားတွေ့ရစဉ်(ဆင်ဟွာ)

ဝါရှင်တန် ၊ ဩဂုတ် ၃၀ ရက်(ဆင်ဟွာ)

အမေရိကန်စစ်တပ်အနေဖြင့် ယခုနှစ်ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်မည်မဟုတ်ဟု  အမေရိကန်ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်သည်။

“ ရွေးကောက်ပွဲရဲ့ အချို့သော အစိတ်အပိုင်းအပေါ် အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာရင် အမေရိကန်ဥပဒေ ၊ တရားရုံးတွေနဲ့ ကွန်ဂရက်ကပဲ အဲဒီအငြင်းပွားမှုတွေကို လိုအပ်သလို ဖြေရှင်းသွားရမှာပါ။ အမေရိကန် စစ်တပ်က ဖြေရှင်းရမှာမဟုတ်ပါဘူး” ဟု ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဌ (Joint Chiefs of Staff Chairman) ဗိုလ်ချုပ်ကြီး Mark Milley က အမေရိကန်အထက်၊အောက်လွှတ်တော်နှစ်ရပ်၏ မေးမြန်းချက်အပေါ် တုံ့ပြန်ဖြေဆိုသော ထုတ်ပြန်ချက် တစ်စောင်တွင်  ထည့်သွင်းပြောကြားခဲ့သည်။

“ အမေရိကန်စစ်တပ်ဟာ နိုင်ငံရေးကိစ္စရပ်တစ်ခုမှာ ပါဝင်ပတ်သက်မှုမရှိရဘူးဆိုတဲ့ အခြေခံစည်းမျဉ်းစည်းကမ်းကို ကျွန်တော့်အနေနဲ့ နက်နက်ရှိုင်းရှိုင်း ယုံကြည်ထားပါတယ်” ဟု ဗိုလ်ချုပ်ကြီး Milley က ဆိုသည်။ ထို့ပြင် “ အဲဒီလို ဖြစ်စဉ်မှာ စစ်တပ်အတွက် ပါဝင်ပတ်သက်စရာ အကြောင်း မရှိဘူးလို့ ကျွန်တော်သိထားပါတယ်’’ ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ  ပူးတွဲ စစ်ဦးစီးချုပ်များဥက္ကဌ ဗိုလ်ချုပ်ကြီး Mark Milley အားတွေ့ရစဉ်(ဆင်ဟွာ)

ယခုနှစ်ရွေးကောက်ပွဲတွင် စစ်တပ်ပါဝင်ခြင်းအခန်းကဏ္ဍနှင့်ပတ်သက်၍  သမ္မတလောင်းများ၏ ပြောဆိုနေမှုအပေါ် ၎င်းက အထက်ပါအတိုင်း တုံ့ပြန်ဖြေကြားခဲ့ခြင်းဖြစ်သည်။ လက်ရှိ အမေရိကန်သမ္မတ နှင့် ၂၀၂၀ ရီဘတ်ပလီကန်ပါတီ သမ္မတလောင်း ဖြစ်သူ ဒေါ်နယ်ထရမ့်က အဝေးရောက် စာတိုက်- မဲများသည် ရွေးကောက်ပွဲ မသမာမှုကို ကျယ်ကျယ်ပြန့်ပြန့်ဖြစ်စေကြောင်း သက်သေတစ်စုံတစ်ရာ မရှိဘဲ ပြောဆိုခဲ့သလို ၎င်းအနေဖြင့် နိုဝင်ဘာရွေးကောက်ပွဲရလဒ်ကို လက်ခံမည်မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ရွေးကောက်ပွဲရလဒ်များအပေါ် လက်ခံနိုင်မလား ဆိုသည့် ပြီးခဲ့သော ဇူလိုင်လက Fox New သတင်းဌာနမှ Chris Wallace ၏ မေးမြန်းချက်အပေါ် ဒေါ်နယ်ထရမ့်က  “ ကျွန်တော်ကြည့်ရအုံးမှာပေါ့” ဟု ပြန်လည်ဖြေကြားခဲ့သည်။ “ မဟုတ်သေးဘူး  ၊ Yes လို့ ကျွန်တော် ဘယ်သွားပြောပါ့မလဲဗျား ၊ ကျွန်တော်ကတော့ No လို့ပဲ ပြောမှာပေါ့ ၊ ပြီးခဲ့တဲ့ တစ်ခေါက်တုန်းကလည်း ကျွန်တော်မလုပ်ခဲ့ဘူးလေ” ဟု ၎င်းက ဆိုသည်။

ယခင်အမေရိကန်ဒုတိယသမ္မတ (ဟောင်း) နှင့် ၂၀၂၀ ဒီမိုကရက်တစ်ပါတီသမ္မတလောင်းဖြစ်သူ ဂျိုးဘိုင်ဒန်က အကယ်၍ ထရမ့်အနေဖြင့် ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ခဲ့လျှင် ၎င်းအနေဖြင့် စစ်တပ်ကို လုံးဝ လက်ခံအောင် အသေအချာ သွားပြောမည်ဟု ပြီးခဲ့သော ဇွန်လတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ (Xinhua)