Connect with us

North America

မက္ကဆီကိုစစ်တပ်က လေယာဉ်တစ်စီးပေါ်မှ ကိုကင်း ၁ ဒသမ ၃ တန် ဖမ်းဆီးရမိ

မက္ကဆီကိုနိုင်ငံ မက္ကဆီကိုစီးတီးမြို့၌ ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃ ရက်က သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက စစ်ဆေးနေစဉ်(ဆင်ဟွာ)

မက္ကဆီကိုစီးတီး ၊ စက်တင်ဘာ ၁ ရက်(ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံစစ်တပ်က နိုင်ငံအရှေ့တောင်ပိုင်း Chiapas ပြည်နယ်အတွင်းရှိ Palenque မြို့ငယ်လေးတစ်မြို့၏ လေဆိပ်တစ်ခုသို့ ဆင်းသက်လာသော လေယာဉ်တစ်စင်းပေါ်မှ ကိုကင်း ၁ ဒသမ ၃ တန်ကို ဖမ်းဆီးရမိခဲ့ကြောင်း မက္ကဆီကိုနိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၃၁ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

မက္ကဆီကို အာဏာပိုင်များက လေယာဉ်တစ်စင်း၏ ပျံသန်းမှုလမ်းကြောင်းကို စောင့်ကြည့်ခဲ့ပြီးနောက် ဩဂုတ် ၃၀ ရက်တွင် အဆိုပါ ဖမ်ဆီးမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း နှင့် ယင်းလေယာဉ်သည် ဂွာတီမာလာနိုင်ငံနယ်စပ်နှင့်ထိစပ်နေသော မက္ကဆီကိုနိုင်ငံ Chiapas ပြည်နယ်အတွင်း ဆင်းသက်ရန် ကြိုးပမ်းစဉ် လမ်းပျောက်သွားခဲ့ကြောင်း သိရသည်။ 

ယင်းဖမ်းဆီးမှုအတွင်း စစ်သားများက လူနှစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီး ဌာနကပြောကြားခဲ့ပြီး ယင်းလေယာဉ် မြေပြင်၌ ဆင်းသက်နေသည့် ဓာတ်ပုံများကိုလည်း  ထုတ်ဖော်ပြသခဲ့ကြောင်း သိရသည်။ယင်းဖမ်ဆီးရမိသော ကိုကင်းများသည် ခန်းမှန်းခြေ ဈေးကွက်ပေါက်ဈေး မက္ကဆီကို ပီဆိုငွေ ၃၆၈ သန်း (အမေရိကန်ဒေါ်လာ ၁၆.၇ သန်း) ကျော် တန်ဖိုးရှိကြောင်း သိရသည်။

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများနှင့် တရားခံများကို သက်ဆိုင်ရာ အာဏာပိုင်များထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း ဝန်ကြီးဌာနက ဖြည့်စွက်ပြောကြားခဲ့သည်။ မူးယစ်ဆေးဝါးဂိုဏ်များသည် တောင်အမေရိက နှင့် ဗဟိုအမေရိက မှ တရားမဝင် လေယာဉ်များဖြင့် မက္ကဆီကိုနိုင်ငံထဲသို့ ကိုကင်း မှောင်ခို မကြာခဏ တင်သွားနေပြီး ယင်းမှတစ်ဆင့် အမေရိကန်နိုင်ငံသို့ ဆက်လက်တင်ပို့ရန် ကြိုးပမ်းနေကြောင်း မက္ကဆီကိုနိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့များ၏ ပြောကြားချက်အရ သိရသည်။

ဇန်နဝါရီ ၁ ရက် မှ ဩဂုတ် ၂၀ ရက်အထိ မက္ကဆီကိုနိုင်ငံစစ်တပ်သည် နိုင်ငံအနှံ့ပြုလုပ်သော မတူညီသည့် မူးယစ်ဆေးဝါးနှိမ်နင်းမှု စစ်ဆင်ရေးများအတွင်း ကိုကင်း ၉ ဒသမ ၇ တန်ကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ပြီးခဲ့သော ရက်သတ္တပတ်က ကျင်းပပြုလုပ်သည့် မက္ကဆီကိုနိုင်ငံ ဝန်ကြီးအဆင့် လုံခြုံရေးအစည်းအဝေးမှ ထုတ်ပြန်ချက်သော အစီရင်ခံစာတစ်စောင်အရ သိရသည်။ (Xinhua)