Connect with us

Media

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနား မြန်မာနိုင်ငံ နေပြည်တော်တွင် ကျင်းပ

နေပြည်တော်၊ ဒီဇင်ဘာ ၁၀ ရက် (ဆင်ဟွာ)

၂ဝ၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၉ ရက် ညနေပိုင်းက နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါ အခမ်းအနားကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ဖွင့်လှစ်ပြီး ဂုဏ်ပြုအမှာစကားပြောကြားသည်။ အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအစပိုင်းတွင် အလွတ်ခုန်လေထီးအဖွဲ့မှ လေထီးစစ်သည်များက အမျိုးသားအားကစားပွဲတော်အလံနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အလံများကို ဝေဟင်ထက်မှ မြေပြင်သို့ ချိတ်ဆွဲသယ်ဆောင်၍ ကွင်းအတွင်းသို့ ဂုဏ်ပြုဆင်းသက်ခဲ့ကြသည်။ ထို့နောက် တေးသံရှင်များ၏ ဖျော်ဖြေတင်ဆက်မှု၊ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ အားကစားအသင်းများ ကွင်းအတွင်းသို့ ချီတက်ဝင်ရောက်မှု၊ မီးရှူး မီးပန်းများပစ်ဖောက်မှု၊ အမျိုးသားအားကစားပွဲတော်အထိမ်းအမှတ် မီးရှူးတိုင် လက်ဆင့်ကမ်းသယ်ဆောင်ကာ မီးထွန်းညှိခြင်း အစီအစဉ်များဖြင့် ခမ်းခမ်းနားနား ကျင်းပခဲ့သည်။ ယခုအမျိုးသားအားကစားပွဲတော်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးအားကစားပြိုင်ပွဲအတွက် အားကစားနည်း ၂၃ မျိုး၊ ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲအတွက် အားကစားနည်း ၆ မျိုးနှင့် မသန်စွမ်းအားကစားနည်း ၄ မျိုးတို့ကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် ပထမအကြိမ် အမျိုးသားအားကစားပွဲတော်ကို ၁၉၉၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ကျင်းပခဲ့ပြီး စတုတ္ထအကြိမ်အဖြစ် ၂၀၁၅ ခုနှစ်တွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း သိရသည်။ (Xinhua)

 


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117