Connect with us

Myanmar

မြန်မာနိုင်ငံ၌ ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်ထိ ထပ်မံတိုးမြှင့်

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-Information Team)

ရန်ကုန်၊ ဧပြီ ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ ဧပြီ ၂ ရက်မှ ၂၂ ရက်ထိ သတ်မှတ်ခဲ့သော ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကိုထပ်မံတိုးမြှင့်လိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယနေ့(ဧပြီ ၂၂ ရက်) ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလကို ဧပြီ ၃၀ ရက်ထိ တိုးမြှင့်လိုက်ကြောင်း ဖော်ပြထားသည်။

နိုင်ငံတော်အစိုးရအနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသကဲ့သို့ နိုင်ငံတကာမှလည်း ကယ်ဆယ်ရေးအဖွဲ့များ၊ ဆေးအဖွဲ့ များစေလွှတ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခြင်း၊ ထောက်ပံ့ရေးပစ္စည်းများ ပေးပို့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။
နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့်ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့်ဆက်လက်ဆောင်ရွက် နိုင်စေရန်၊ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အကျိုးစီးပွားကို ပိုမိုလျင်မြန်စွာဖော်ဆောင်နိုင်ရန်၊ ရေရှည်တည်တံ့ပြီးစစ်မှန်သည့်ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ် အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီ ၂၃ ရက်မှ ၃၀ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကာလအဖြစ် ထပ်မံ တိုးမြှင့်လိုက်ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ယာယီပစ်ခတ်တိုက်ခိုက်မှု ထုတ်ပြန်ကြေညာထားသည့်ကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် အခြားလက်နက်ကိုင်အဖွဲ့များအနေဖြင့် အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် ဆက်သွယ်ရေးလမ်းကြောင်းများအား နှောင့်ယှက်တိုက်ခိုက်ခြင်းနှင့် ထိခိုက်ပျက်စီးစေခြင်း၊ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပျက်စီးစေခြင်း၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတာဝန်ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ တပ်စခန်းများအား တိုက်ခိုက်ခြင်း၊ တပ်ဌာနချုပ်များကိုနှောင့်ယှက် တိုက်ခိုက်ခြင်းများ၊ ငြိမ်းချမ်းရေးကို ထိခိုက်ပျက်စီးစေမည့် အင်အားစုဆောင်းခြင်း၊ ပြင်ဆင်စုဖွဲ့ခြင်း၊ နယ်မြေချဲ့ထွင်ခြင်းများကိုမပြုရန်နှင့် ထိုကဲ့သို့ ဆောင်ရွက်လာပါက တပ်မတော်အနေဖြင့် ပြည်သူလူထုကို ကာကွယ်သောအားဖြင့် လိုအပ်သည့်အရေးယူ တုံ့ပြန်မှုများကို ဆောင်ရွက်သွားမည်ဖြစ်သည်ဟု အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။ (Xinhua)

ယာယီပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန်ချက်အားတွေ့ရစဉ်(ဓာတ်ပုံ-Information Team)