China
မြန်မာနိုင်ငံ၏ Myanmar’s auto expo ကုန်စည်ပြပွဲတွင် တရုတ်လျှပ်စစ်ကားများ အဓိက ခင်းကျင်းပြသ

ရန်ကုန်၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်ကွန်ဗင်းရှင်းစင်တာတွင် ကျင်းပလျက်ရှိသော Myanmar Auto and Parts Expo 2025 ၌ တရုတ်လျှပ်စစ်ကားများ အဓိက ခင်းကျင်းပြသထားကြောင်း အဆိုပါကုန်စည်ပြပွဲထံမှ သိရသည်။
အဆိုပါ သုံးရက်ကြာ ကျင်းပမည့် Myanmar’s auto expo ပြပွဲတွင် တရုတ်နိုင်ငံထုတ် ကားအမျိုးအစား ၃၅ မျိုး ပြသထားမည်ဖြစ်ပြီး ယင်းအမျိုးအစားများအနက် အမျိုးအစား ၃၀ ခန့်မှာ လျှပ်စစ်ကား (EV) အမှတ်တံဆိပ်များဖြစ်ကြောင်း ပွဲစီစဉ်သူထံမှ သိရသည်။
“တရုတ်နိုင်ငံဟာ မော်တော်ကားကဏ္ဍကို ဦးဆောင်နေပါတယ်။ တရုတ်အမှတ်တံဆိပ်တွေရဲ့ အရည်အသွေးကို အခု တစ်ကမ္ဘာလုံးက လက်ခံနေပါပြီ” ဟု Silver Sea International Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဦးဇာနည်တင်မြင့်က ပြောသည်။
ယင်းပြပွဲကို မြန်မာနိုင်ငံ မော်တော်ယဉ်ထုတ်လုပ်သူနှင့် ဖြန့်ဖြူးရေးအသင်း (MAMDA) နှင့် ပူးပေါင်းကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကုန်စည်ပြပွဲတွင် “Power Shift: The Business of Going Electric” ခေါင်းစဉ်ဖြင့် အသိပညာမျှဝေခြင်းဖိုရမ်ကိုလည်း စက်တင်ဘာ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း မန်နေဂျင်းဒါရိုက်တာ ဦးဇာနည်တင်မြင့်က ဆိုသည်။
“ကျွန်တော် ဒီကို EV တွေကြည့်ဖို့ လာတာပါ။ BYD ကားတွေကို ကြိုက်တယ်။ ကျွန်တော့်သူငယ်ချင်းတချို့က EV တွေပြောင်းစီးနေကြပြီ။ တရုတ် EV တွေမှာ အဆင့်မြင့်နည်းပညာတွေရှိသလို ဒီဇိုင်းပိုင်းလည်း ဆွဲဆောင်မှုရှိတယ်” ဟု ပွဲတက်ရောက်လာသူ တစ်ဦးဖြစ်သည့် ကိုပြည့်ဖြိုးအောင်က ပြောသည်။
ပြသထားသည့် အမှတ်တံဆိပ်များထဲတွင် Hongqi ၊ BYD ၊ Leapmotor ၊ JMC & JMEV နှင့် Jetour တို့လည်း ပါဝင်ကြောင်း သိရသည်။ (Xinhua)