Media
မြန်မာနိုင်ငံတွင် GAP စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လျက် အစားအသောက်ဘေးကင်းလုံခြုံမှု မြှင့်တင်ဆောင်ရွက်နေ
ရန်ကုန်၊ မေ ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၊ စိုက်ပျိုးရေးဦးစီးဌာန၊ GAP (Good Agricultural Practices) အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးအဖွဲ့တို့မှ ကြီးမှူး၍ စိုက်ပျိုးရေးအလေ့အကျင့်ကောင်းများစနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော တောင်သူများအား မြန်မာ (GAP) အသိအမှတ်ပြုလက်မှတ် ပေးအပ်ခြင်းအခမ်းအနားကို ၂၀၂၆ ခုနှစ် မေ ၁၅ ရက်တွင် UMFCCI ၌ ကျင်းပပြုလုပ်ခဲ့သည်။
“နိုင်ငံတိုင်းက စားနပ်ရိက္ခာ ဘေးကင်းလုံခြုံ စိတ်ချရမှုကို အလေးထားလာတာဖြစ်တဲ့အတွက် food safety ကို ရှေ့တန်းတင်လာကြတဲ့အတွက် အသိအမှတ်ပြုလက်မှတ်တွေကို နည်းမှန်လမ်းမှန်နဲ့ စနစ်တကျ ဆောင်ရွက်ပြီးတော့ ရယူထားဖို့ လိုအပ်တယ်” လို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဒုတိယ ဥက္ကဌ ဦးရဲမင်းအောင်က ဆင်ဟွာသို့ ပြောသည်။
GAP စိုက်ပျိုးရေးစနစ်ကို နှစ်နှစ်ခန့် လက်တွေ့ကျင့်သုံးလာခဲ့သည့် တောင်သူ ကိုဇေယျာထွေးက ယင်းစနစ်သည် နိုင်ငံ၏ အစားအသောက်ဘေးကင်းလုံခြုံမှုအတွက် အရေးကြီးကြောင်း ဆင်ဟွာသို့ ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ပဲတီစိမ်း စိုက်ပျိုးဧက (၉,၂၂၀) ပေါ်တွင် စိုက်ပျိုးလျက်ရှိသော တောင်သူ (၈၃၉) ဦးနှင့် ဆလပ်ရွက် စိုက်ပျိုးတောင်သူများအား ကိုယ်စားပြုတောင်သူများမှတစ်ဆင့် မြန်မာ GAP အသိအမှတ်ပြုလက်မှတ် စုစုပေါင်း (၁၄) စောင်ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။ (Xinhua)
