Connect with us

Environment, Disasters & Accidents

ကလေး-ရန်ကုန် High Class ခရီးသည်တင်ယာဉ် တိမ်းမှောက်ပြီး လူ ၈ ဦးသေဆုံးကာ ၂၅ဦး ဒဏ်ရာရရှိ


ရန်ကုန်၊ မတ် ၅ ရက် (ဆင်ဟွာ)

ကလေး- ရန်ကုန် ပြေးဆွဲနေသော High Class ခရီးသည်တင်ယာဉ် သည် ယနေ့ (မတ်လ၅ ရက်) နံနက်၆ နာရီအချိန်ခန့်က နေပြည်တော်-ရန်ကုန် အမြန်လမ်းမကြီးပေါ်တွင် တိမ်းမှောက်ပြီး လူ ၈ဦးသေဆုံးကာ ၂၅ဦးဒဏ်ရာရရှိခဲ့ကြောင်း အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သော သတင်းအရ သိရသည်။

အဆိုပါယာဉ်သည် မိုင်တိုင်အမှတ် ၇၇/၃-၇၇/၄ ကြား တွင် နောက်ယာဘက်ဘီးပေါက်ကာ လမ်းလမ်းကျွန်းအား တိုက်မိ၍ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ရာ သံဃာ ၃ ပါးအပါအဝင် ၈ ဦးသေဆုံးပြီး ၊ ၂၅ ဦးဒဏ်ရာရရှိကြောင်း သိရသည်။

ကလေး-ရန်ကုန် High Class ခရီးသည်တင်ယာဉ် တိမ်းမှောက်နေမှု အားတွေ့ရစဉ် ( ဓာတ်ပုံ- အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံး)

” ဒီကားမှာ ခရီသည် ၄၂ဦးပါလာတယ်၊ ၈ဦးကတော့ပွဲချင်းပြီးသေတယ်၊ ဒဏ်ရာရတဲ့လူတွေထဲ ပွန်းပဲ့ရုံရှိသလို စိုးရိမ်ရတဲ့လူတွေလဲရှိတယ်”ဟု အမြန်လမ်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသို့ပြောသည်။

ယာဉ်တိမ်းမှောက်မှုကြောင့် ဒဏ်ရာရရှိသူများကို မြို့ကျောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ထားကြောင်း ၎င်းကဆိုသည်။(Xinhua)