Environment, Disasters & Accidents
ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ငွေကျပ် သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ ဖမ်းမိ
ရန်ကုန်၊ ဇွန် ၁ ရက် (ဆင်ဟွာ)
ရှမ်းပြည်နယ် နောင်ချိုမြို့တွင် ဇွန် ၁ ရက်က ငွေကျပ် သိန်း ၁၂၀၀ ကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများနှင့် ဘိန်းစိမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဗဟိုကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။
နောင်ချိုမြို့အဝင်၊ မူဆယ်-မန္တလေး သွားကား လမ်း၊ အိုရီယမ်တယ်တိုးဂိတ်အနီးတွင် သီပေါမြို့ဘက်မှ နောင်ချိုမြို့ဘက်သို့မောင်းနှင်လာသော မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ မော်တော်ယာဉ်နောက်ဘန်ကာအတွင်း သိုဝှက်သယ်ဆောင်လာသော ကြွတ်ကြွတ်အိတ်အတွင်းမှ ပလတ်စတစ် ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၆၀,၀၀၀ ပြား(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၁၂၀၀ သိန်း)၊ ပလတ်စတစ်ဖြင့်ထုပ်ထားသည့် ဘိန်းစိမ်းအလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၉ သိန်း)၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေ ၅ သိန်းကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။အဆိုပါ ဖမ်းဆီးရမိသည့် ယာဉ်ပေါ်ပါ နှစ်ဦးအား နောင်ချိုမြို့မ ရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။(Xinhua)