MYANMAR
COVID-19 ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် ပြည်သူသို့ပန်ကြားချက်အားစက်တင်ဘာ ၃၀ ရက်အထိတိုးမြှင့်
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
COVID-19 ရောဂါ ပိုးကူးစက်ပျံ့နှံ့မှုကို ဆက်လက်ထိန်းချုပ်ဆောင်ရွက်ရန် လိုအပ်သဖြင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်သူသို့ပန်ကြားချက်အား စက်တင်ဘာ ၃၀ ရက်အထိ တိုးမြှင့်ဆောင်ရွက်မည်ဖြစ်ကြောင်း COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ အသိပေးကြေညာချက်အား သြဂုတ် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည်။
COVID-19 ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ပြည်သူသို့ပန်ကြားချက်၊အမိန့်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်များ (ဖြေလျှော့/တိုးမြှင့်ရန်လိုအပ်သည့် ကိစ္စရပ်များမပါ) အား သြဂုတ် ၃၁ ရက်အထိထုတ်ပြန်ထားရာမှ တိုးမြှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ပါရှိသည်။
လက်ရှိတွင်ရခိုင်ပြည်နယ် ၌ COVID-19 ကူးစက်ခံရသူ အချိန်တိုကာလအတွင်း များပြားစွာ တွေ့ရှိလျက်ရှိပြီး ဆေးသုတေသနဦးစီးဌာနတွင် ကနဦးစစ်ဆေးချက်အရ ရခိုင်ပြည်နယ်မှ ဓာတ်ခွဲနမူနာ (၉) ခုလုံးတွင် COVID-19 ရောဂါပိုး၏ မျိုးဗီဇအစိတ်အပိုင်းတစ်ခုသည် ပြောင်းလဲလျက်ရှိသည်ကို တွေ့ရှိရသဖြင့် ယခုကဲ့သို့ ကူးစက်မှုမြန်ဆန်နေသည်ဟု ယူဆရကြောင်း၊ မျိုးဗီဇတစ်ခုလုံးကို ဆေးသုတေသနဦးစီးဌာနမှ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း၊ ခိုင်ပြည်နယ်၌ ဩဂုတ်လ (၁၆) ရက်နေ့ နောက်ပိုင်းတွေ့ရှိရသော COVID-19 လူနာများတွင် ရောဂါလက္ခဏာတစ်စုံတစ်ရာမပြသဘဲ အမြင်အားဖြင့်နေကောင်း နေသူများမှာ (၇၉%) အထိရှိနေသည့်အတွက် ရောဂါပိုးရှိသူများ မိမိတို့ပတ်ဝန်းကျင်တွင်ရောက်ရှိနေနိုင်ကြောင်း၊ ဩဂုတ်လ (၁၀) ရက်မှ (၂၇) ရက်နေ့အတွင်း ရခိုင်ပြည်နယ်မှ လေကြောင်းခရီးစဉ်ဖြင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိသွားသူ (၅,၇၀၀) ဦးကျော်ရှိပြီး ထိုသူများအနက် အချို့သည် COVID-19 ကူးစက်လျက်ရှိသူများဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ်သို့ ဩဂုတ်လ (၁၀) ရက်နေ့နောက်ပိုင်း ခရီးသွားရာဇဝင်ရှိခဲ့သူများအားလုံးသည် နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပါကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေး က ယနေ့ကျင်းပသောာ ရခိုင်ပြည်နယ်တွင် လျင်မြန်စွာဖြစ်ပွားနေသည့် COVID-19 အား ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲတွင်ပြောကြားခဲ့သည်။
ယနေ့ သြဂုတ် ၂၈ ရက် ည ၈ နာရီ အထိ မြန်မာတစ်နိုင်ငံလုံးတွင် COVID-19 အတည်ပြုလူနာပေါင်း၆၄၃ ဦး၊ ရောဂါပိုးကင်းစင်လာသူဦးရေပေါင်း ၃၄၉ ဦးနှင့် သေဆုံးသူ ၆ ဦးရှိကြောင်း သိရသည်။ (Xinhua)