Connect with us

Local

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)ဖြင့် ကုန်သွယ်မှု ကျပ် ၄၀ ဘီလီယံကျော်ရှိ

ကန်ပိုက်တီး ကုန်သွယ်ရေးစခန်းအား တွေ့ရစဉ်(ဓာတ်ပုံ - Ministry Of Commerce)

 ရန်ကုန် ၊ စက်တင်ဘာ ၁၇ ရက်(ဆင်ဟွာ) 

 နယ်စပ် ကုန်သွယ်ရေး စခန်းများ၌ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ၁၁ လအတွင်း တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ဖြင့် ကုန်သွယ်မှု ပမာဏမှာ ကျပ် ၄၀ ဘီလီယံကျော်(အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်)ရှိကြောင်း စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက် မှ ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၁ ရက်အထိ တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC) ၈၃ ကတ် ခွင့်ပြုထုတ်ပေးခဲ့ပြီး အဆိုပါ ITC ကတ်ဖြင့် ကုန်သွယ်မှု ပမာဏ ကျပ် ၄၀ ဘီလီယံကျော်တွင် ပို့ကုန်တန်ဖိုး ကျပ် ၂ ဒသမ ၇ ဘီလီယံကျော် နှင့် သွင်းကုန်တန်ဖိုး ကျပ် ၃၇ ဒသမ ၉ ဘီလီယံကျော် ရှိကြောင်း သိရသည်။ 

 အဆိုပါ ကုန်သွယ်မှုများအနက် မြဝတီ နယ်စပ် ကုန်သွယ်ရေး စခန်း၌ ITC ကတ်ဖြင့် ကုန်သွယ်မှု ပမာဏသည် အများဆုံးဖြင့် ကျပ် ၂၆ ဒသမ ၆ ဘီလီယံကျော်ရှိကြောင်း သိရသည်။တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား ၂ဝ၁၂-၂ဝ၁၃ ဘဏ္ဍာနှစ်မှ စတင် ထုတ်ပေး ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဩဂုတ် ၃၁ ရက်အထိ စုစုပေါင်း ITC ကတ် အရေအတွက် ၁,၇၇၀ ကတ် ထုတ်ပေးထားပြီး ဖြစ်ကြောင်းလည်း သိရသည်။တစ်ဦးချင်း ကုန်သွယ်မှု လုပ်ငန်းရှင် မှတ်ပုံတင် လက်မှတ်(ITC)အား တရားဝင် ကုန်သွယ်မှု တိုးပွားလာကာ တရားမဝင် ကုန်သွယ်မှု ပပျောက်စေရေး အတွက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)