Stock Market
ရန်ကုန် စတော့ခ် အိတ်ချိန်း ရှယ်ယာ ရောင်းဝယ်မှုများ စတင်တော့မည် ဖြစ်သည့်အတွက် ပြင်ဆင်မှုများ ပြုလုပ်
ရန်ကုန်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ)
ရန်ကုန် စတော့ခ် အိတ်ချိန်းတွင် အစုရှယ်ယာ ရောင်းဝယ်မှုများ စတင် တော့မည် ဖြစ်သည့်အတွက် ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကုမ္ပဏီများနှင့် ရန်ကုန် စတော့ခ် အိတ်ချိန်းတွင် စာရင်း တင်မည့် ကုမ္ပဏီ များညှိနှိုင်း၍ စာရင်းများ ဖွင့်လှစ်ခြင်း၊ အစုရှယ်ယာ လက်မှတ်များကို အီလက်ထရောနစ် ပုံစံသို့ ပြောင်းလဲခြင်းများ ပြုလုပ်လျက် ရှိကြောင်း သိရသည်။
ထိုလုပ်ငန်း စဉ်များကို အထောက်အကူဖြစ် စေရန်နှင့် ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်းများတွင် ကျွမ်းကျင်မှု ရှိစေရန် အရည် အချင်း မြှင့်တင်ရေး အစီအစဉ်ကို မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်က စီမံချက်ချ ဆောင်ရွက်လျက် ရှိကြောင်း၊ ပထမအဆင့် အဖြစ် ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကုမ္ပဏီများ၏ ဝန်ထမ်းများ အတွက် ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကိုယ်စားလှယ် လိုင်စင် ဆိုင်ရာ ပထမ အကြိမ် သင်တန်းကို ဖေဖော်ဝါရီလ ၆ ရက်နှင့် ၇ ရက်တွင် ရန်ကုန် စတော့ခ် အိတ်ချိန်း ပင်မ ခန်းမဆောင်တွင် မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်က ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းသားများသည် ဖေဖော်ဝါရီလ ၂ဝ ရက်တွင် စာမေးပွဲ ဖြေဆို ရမည်ဖြစ်ပြီး စာမေးပွဲ အောင်မြင်သူများကိုသာ ငွေချေး သက်သေခံ လက်မှတ် လုပ်ငန်း ကိုယ်စားလှယ် လိုင်စင် ထုတ်ပေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)