Connect with us

MYANMAR

၂၄ နာရီအတွင်း COVID-19 လူနာသစ် ၁,၅၆၉ ဦး စစ်ဆေးတွေ့ရှိ ၊ သေဆုံးလူနာ ၂၆ ဦး ရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်၍ ဈေးရောင်းနေသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁,၅၆၉ ဦး တွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၉၇၅ ဦး နှင့် သေဆုံးလူနာ ၂၆ ဦး ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ထုတ်ပြန်မှု အရ သိရသည်။

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ နိုဝင်ဘာ ၁၆ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၁၇ ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၈,၃၄၃ ခုအား စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၁,၅၆၉ ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ ၉၇၅ ဦးတွင် ပြည်သူ့ဆေးရုံများမှ ၄၂၆ ဦး ၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ ၅၄၉ ဦးတို့ ပါဝင်ကြောင်း သိရသည်။

ယနေ့ သေဆုံးသူ ၂၆ ဦးအနက် ရောဂါအခံရှိသူ ၂၂ ဦး ပါဝင်ကြောင်း သိရသည်။ COVID-19 ကာကွယ် ၊ ထိန်းချုပ် ၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ယခုချိန်တွင် လူစုလူဝေးများ အနည်းငယ် ဖြစ်ခဲ့ခြင်းကြောင့် COVID-19 ရောဂါပြန့်ပွားနှုန်းလည်း လာမည့်တစ်ပတ် ၊ နှစ်ပတ်အတွင်း အနည်းငယ် တက်လာနိုင်၍ ယခုကတည်းက စ၍ သတိပြုရမည် ဖြစ်ကြောင်း ၊ ဆက်ပြီး မဖြစ်ရအောင် လူစုလူဝေးများကို ရှောင်ရန် COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့် နိုဝင်ဘာ ၁၆ ရက် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၉၃၀,၀၈၂ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၇၁,၇၃၀ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၅၄,၂၇၄ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၆၂၅ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)