Connect with us

MYANMAR

နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၅ ရက်အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက် ထုတ်ပြန်သွားရေး ဆွေးနွေး

ပုံစာ - နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က COVID-19 ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့် စပ်လျဉ်း၍ နိုဝင်ဘာ ၉ ရက်တွင် ပြည်သူများသို့ အစီရင်ခံတင်ပြသည့် မိန့်ခွန်းပြောကြားမှု တစ်ရပ်အား တွေ့ရစဉ် (ဓာတ်ပုံ - Myanmar State Counsellor Office )

ရန်ကုန် ၊ နိုဝင်ဘာ ၁၇ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

နိုဝင်ဘာ ၂၁ ရက် မှ ဒီဇင်ဘာ ၅ ရက်နေ့အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက် ထုတ်ပြန်သွားရေးအား ယနေ့ နိုဝင်ဘာ ၁၇ ရက်တွင် ပြုလုပ်သော Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး၏ ထုတ်ပြန်မှုအရ သိရသည်။

အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေး အစီအစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့်ပြသနိုင်ရေး ၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A) အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင် နှင့် လက်ဖက်ရည်ဆိုင်များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေးတို့အား ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် အထွေထွေရွေးကောက်ပွဲအပြီး လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ခြင်းများရှိခဲ့ရာ နိုဝင်ဘာလကုန် ရက်သတ္တပတ်ကာလ၌ COVID-19 ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှု မရှိစေရန် COVID-19 ရောဂါကာကွယ် တားဆီးရေးအစီအမံများ ကြိုတင်ဆောင်ရွက်ထားရှိရေး ၊ COVID-19 ရောဂါကူးစက်ခံရမှုကြောင့် ဆေးရုံတက်လျက်ရှိသော လူနာများထဲမှ ဆေးရုံဆင်းခွင့်ပြုနိုင်သည့် လူနာများအား ဆောလျင်စွာ ဆေးရုံ ဆင်းခွင့်ပေးနိုင်ရေး၊ အအေးပိုင်းဒေသများတွင် COVID-19 ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရန် ထိန်းသိမ်းဆောင်ရွက်သွားရေး၊ COVID-19 ရောဂါ ကူးစက်ခံရသည့် ပြည်သူများအနေဖြင့် မိမိအစီအစဉ်ဖြင့် ဆေးကုသမှုပြုခဲ့ပြီး အခြေအနေ ဆိုးရွားမှသာ ဆေးရုံသို့ လာရောက်ပြသမှုကြောင့် ဆေးရုံသို့ ရောက်ရှိချိန်တွင် သေဆုံးခြင်း ဖြစ်ကြောင်းတွေ့ရှိရသဖြင့် ဆေးရုံသို့လာရောက်ပြသရန် ကြောက်ရွံ့မှုမရှိစေရေး ၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ COVID-19 ရောဂါကုသရေးအတွက် ပြည်စုံစွာ ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် စိုးရိမ်ရသည့် လူနာများ ဖြစ်ပါက မိသားစု / ဆွေမျိုးများထဲမှ လူနာ စောင့်တစ်ဦး လိုက်ပါစောင့်ရှောက်နိုင်ရန် ခွင့်ပြုပေး ရေး၊ နိုင်ငံတော်မှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် မလိုလားသူများက ဦးဆောင်ပြီး လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိရာ အဆိုပါအဖွဲ့မှ ဦးဆောင်သူများအား ဖော် ထုတ်၍ ဉပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားရန်နှင့် လိုက်ပါဝန်းရံသူများအား COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန်အတွက် လိုအပ်သော ပညာပေးဟောပြောမှုများ ဆောင်ရွက်သွားရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အတူ Stay at Home သတ်မှတ်ထားခြင်း မရှိသော တိုင်းဒေသကြီး / ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး ၊ စေတီများအား နေ့စဉ်နံနက်တစ်ကြိမ်၊ နေ့လယ်တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့် ပြုနိုင်ရေး၊ နိုဝင်ဘာလနောက်ဆုံးပတ်အတွင်း ကိုဗစ် – ၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် မူတည်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး / ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်း မရှိသော မြို့နယ်များရှိ ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့်နှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းများတွင် ဉပုသ်သီလဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ တစ်လလျှင် လေးကြိမ် လူဦးရေ ၃၀ ထက် မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် ကိုဗစ် – ၁၉ ရောဂါ ဖြစ် ပွားမှုအပေါ် မူတည်၍ ချက်ချင်း ပြန်လည်ရပ်ဆိုင်းရန် စီစဉ်ဆောင်ရွက်ထားရှိရေးတို့အား ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်စမတ်ပွဲတော်နှင့် ဒီဇင်ဘာ ၃၁ ရက် နိုင်ငံတကာ နှစ်သစ်ကူး ပွဲတော် နေ့များ၌ Church ကျောင်းများတွင် ဝတ်ပြုဆုတောင်းခြင်းအား လူ ၅၀ ထက် မပိုစေဘဲ ခွင့်ပြုနိုင် ရေး၊ ခရစ်စမတ်ပွဲတော်ကာလတွင် လူအများစုဝေး၍ နေအိမ်များသို့ သီချင်းများလိုက်လံ သီဆို ဆုတောင်းခြင်းများကို ခွင့်မပြုဘဲ Church ကျောင်းများ၌ ဝတ်ပြုဆုတောင်းသီဆိုခြင်းများကိုသာ ခွင့်ပြုရန်အတွက် လိုအပ်သော ကျန်းမာရေးစံသတ်မှတ်ချက်အား ညှိနှိုင်းရေးဆွဲရေး ၊ ခရစ်စမတ် ပွဲတော်နှင့် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်အကြိုကာလအတွင်း ပြည်သူများ စိတ်ပျော်ရွှင် ချမ်းမြေ့ စေရန် ဖျော်ဖြေရေး ကဏ္ဍအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများနှင့် အငြိမ့်ဖျော်ဖြေပွဲများကို မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်နှင့် အခြားရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင် ရွက်သွားရေးတို့ကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကနဦး မော်တော်ယာဉ်မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များအား COVID – 19 ဖြစ်ပွားမှုအပေါ် မူတည်၍ ဖြေလျော့ပေးနိုင်ရေး၊ ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့်ပြုနိုင်ရေး၊ နေပြည် တော်ကောင်စီ၊ တိုင်းဒေသကြီး ပြည်နယ်များသို့ ခရီးသွားရန်အကြောင်းကိစ္စပေါ်ပေါက်ပါက သက် ဆိုင်ရာ ကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွားလာစေရေးနှင့် ပိုးမရှိ ကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသပြီး ကျန်းမာရေး စစ်ဆေးခြင်းနှင့် ကွာရန်တင်းဝင်ရောက်ခြင်းတို့ကို မပြုစေတော့ဘဲ သွားလာခွင့်ပြုရေးတို့နှင့် စပ် လျဉ်း ၍ အကျယ်တဝင့် ဆွေးနွေးခဲ့ကြလည်း သိရသည်။

COVID – 19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က လိုအပ်သည့် ဆုံးဖြတ်လမ်းညွှန်ချက်ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း ထုတ်ပြန်မှုတွင် ထည့်သွင်း ဖော်ပြထားသည်။

ထို့ပြင် COVID – 19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး အစီအစဉ်များ အပါအဝင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် ရေတို၊ ရေရှည်အစီအမံများနှင့် စပ်လျဉ်း၍ ယခုသီတင်းပတ်အတွင်း သတင်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ခဲ့သည် ။ (Xinhua)