Connect with us

Politics, Law & Military

တောင်တရုတ် ပင်လယ်ကိစ္စ ခုံရုံးဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ “၇” အရ တောင်တရုတ်ပင်လယ်ပြင် အရေးကိစ္စတွင် အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက် (ဓာတ်ပုံ- မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန )

ရန်ကုန်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ “၇” အရ တောင်တရုတ် ပင်လယ်ပြင် အရေးကိစ္စတွင် အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်တွင် ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်ခဲ့သည့် ၁၉၈၂ ခုနှစ် ကုလသမဂ္ဂ ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း၏ နောက်ဆက်တွဲ “၇” အရ တောင်တရုတ် ပင်လယ်ပြင် အရေးကိစ္စတွင် အနုညာတခုံရုံး၏ ဆုံးဖြတ်ချက်အပေါ် မြန်မာနိုင်ငံအနေဖြင့် မှတ်သားထားပါကြောင်း၊ ယင်း ဆုံးဖြတ်ချက်၏ အကျိုးသက်ရောက်မှုသည် ဒေသတွင်း နှင့် ပြင်ပသို့ ရိုက်ခက်လာမည့် ဂယက်ကို မြန်မာနိုင်ငံအနေဖြင့် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ် ပင်လယ်ပြင် ပိုင်ဆိုင်မှုကို ကြေညာသည့် နိုင်ငံမဟုတ်သော်လည်း တောင်တရုတ် ပင်လယ်၏ ဖြစ်ပေါ်တိုးတက်မှုကို အလေးအနက်ထားကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အငြင်းပွားမှုကို ၁၉၈၂ ခုနှစ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်း အပါအဝင် နိုင်ငံအားလုံးမှ အသိအမှတ်ပြုသည့် အပြည်ပြည်ဆိုင်ရာ ဥပဒေအခြေခံမူများ နှင့် အညီ ဆွေးနွေးမှု နှင့် ချစ်ကြည်ရင်းနှီးစွာ ညှိနှိုင်းမှုများမှ တစ်ဆင့် ငြိမ်းချမ်းစွာ ဖြေရှင်းရန် ကြိုးပမ်းမှုများ အားလုံးကို အစဉ်အမြဲအားပေး ထောက်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သက်ဆိုင်ရာ နိုင်ငံများအနေဖြင့် အခြေအနေကို တင်းမာစေမည့် လုပ်ဆောင်ချက်များအပေါ် ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ရန် နှင့် ပြဿနာကို အင်အားသုံးခြင်း (သို့မဟုတ်) ခြိမ်းခြောက်ခြင်းများမှ ရှောင်ရှားရန် မြန်မာနိုင်ငံမှ တိုက်တွန်းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် တောင်တရုတ် ပင်လယ်တွင်း နိုင်ငံများလိုက်နာရမည့် လုပ်ထုံးလုပ်နည်းများဆိုင်ရာ ကြေညာချက် အပြည့်အဝ နှင့် ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရေး နှင့် တောင်တရုတ် ပင်လယ်ပြင်တွင်း ကျင့်ထုံးတစ်ရပ် ဆောလျင်စွာ ပေါ်ထွက်လာရေးအတွက် တူညီဆန္ဒအပေါ် အခြေပြု၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများ နှင့် တရုတ်နိုင်ငံတို့နှင့် ဆက်လက်ပြီး လက်တွဲ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.