Asia
အိန္ဒိယ ရေတပ် သင်္ဘောကျင်း မီးလောင်မှုကြောင့် ကင်းလှည့် ရေယာဉ် ၂ စီး နစ်မြုပ်
နယူးဒေလီ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ရှိ ရေတပ် သင်္ဘောကျင်း တစ်ခုတွင် မီးလောင်မှု ဖြစ်ပွားခဲ့၍ ရေတပ်ပိုင် ကင်းလှည့် ရေယာဉ် ၂ စီး မီးကူးစက် လောင်ကျွမ်းကာ ပင်လယ်ရေထဲသို့ နစ်မြုပ်ခဲ့ကြောင်း တာဝန်ရှိသူက ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်မှု အတွင်း သေဆုံးသူ မရှိကြောင်း သိရသည်။
သင်္ဘောကျင်းရှိ လုံခြုံရေး ရေယာဉ်များ အနက် တစ်စီးတွင် ဇူလိုင်လ ၁၉ ရက် အစောပိုင်းက မီးလောင်မှု စတင် ဖြစ်ပွားခဲ့ပြီးနောက် ၎င်းနှင့် နီးစပ်ရာ အခြား ရေယာဉ် တစ်စီးသို့ပါ မီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
မီးလောင်ကျွမ်းပြီး မကြာမီ တာဝန်ကျ ဝန်ထမ်းမှ မီးဆက်လက် မကူးစက်စေရန်နှင့် မီးငြိမ်းသတ်ရန် ချက်ချင်း လုပ်ဆောင်ခဲ့သော်လည်း ရေယာဉ် နှစ်စီးမှာ မီးလောင်မှုကြောင့် ကိုယ်ထည် ပျက်စီးကာ ရေတပ် ဆိပ်ကမ်း၌ပင် ပင်လယ်ထဲ နစ်မြုပ်ခဲ့ကြောင်း သိရသည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ နစ်မြုပ်သွားသည့် ရေယာဉ်များသည် ပင်လယ်ပြင် အတွင်း ကင်းလှည့်ရာ၌ အသုံးပြုသည့် ရေယာဉ်များ ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံပိုင် အသံလွှင့်ဋ္ဌာန All India Radio (AIR) က တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ နစ်မြုပ်သွားသည့် ရေယာဉ်များကို ပြန်လည် ဆယ်ယူရန် လုပ်ဆောင်လျက် ရှိကြောင်း ထုတ်လွှင့်ခဲ့သည်။
သတင်းဋ္ဌာနများ၏ ဖော်ပြချက်အရ မီးငြိမ်းသတ်ရန် အတွက် မီးသတ်သမားများသည် နာရီပေါင်း များစွာ အချိန်ယူခဲ့ရပြီး တစ်ဆက်တည်းမှာပင် ရေတပ်အာဏာပိုင်များက အဆိုပါ မီးလောင်မှုအား စုံစမ်းစစ်ဆေးရန် ညွှန်ကြားထားကြောင်း သိရသည်။ (Xinhua)