Connect with us

Videos

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ပထမနေ့တွင် ခေါင်းဆောင်များက မိန့်ခွန်းများပြောကြား

ရန်ကုန်၊ မေ ၂၄ ရက် (ဆင်ဟွာ)

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစုပင်လုံ ဒုတိယ အစည်းအဝေး ပထမနေ့ နံနက်ပိုင်း ဖွင့်ပွဲ အခမ်းအနားတွင် ခေါင်းဆောင်များ အသီးသီးက အဖွင့် အမှာစကားများ အသီးသီးပြောကြားရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ရှေ့ဆက်ရမယ့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များမှာ သူမှား ကိုယ်မှား ပြောမနေကြဘဲ သူမနာ ကိုယ်မနာ သင်ပုန်းချေရေးမူဖြင့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် စွမ်းဆောင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်၊ သူမနာ ကိုယ်မနာ မျှတသောသဘောထားဟာ နိုင်ငံတော်ရဲ့ အကျိုးကို သယ်ပိုးခြင်း ဖြစ်သလို နိုင်ငံသူ နိုင်ငံသားများရဲ့ ဆန္ဒကို ဖြည့် ဆည်းခြင်းလည်း ဖြစ်ပါတယ်၊ မိမိတို့ရဲ့ ဆွေးနွေးပွဲ ရလဒ်ဟာ မိမိတို့ရဲ့ရပ်တည်ချက် မိမိတို့ရဲ့ဆန္ဒကို ရယူကြရန် မဟုတ်ဘဲ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးကြရန်သာ ဖြစ်ရပါမယ်”ဟု ပြောကြားခဲ့သည်။

ပြည်ထောင်စု လွှတ်တော် နာယက၊ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကလည်း “အတိတ်က ဖြစ်ရပ်တွေကို မေ့ပျောက် သင်ပုန်းချေပြီး နိုင်ငံသူ နိုင်ငံသားများရဲ့ နှစ်ပေါင်းများစွာ ခံစားနေကြရတဲ့ ဆင်းရဲ ဒုက္ခတွေကို သင်ခန်းစာ ရယူကာ ပြည်တွင်း ငြိမ်းချမ်းရေးကို ရယူပြီး နိုင်ငံသူ နိုင်ငံသားတွေအတွက် အမွေပေးခဲ့ကြပါ၊ မြင့်မြတ်တဲ့ သမိုင်းကို ရေးထိုးကြပါလို့ ပန်ကြားလိုပါတယ်၊ မိမိတို့ရဲ့အတ္တ၊ မာန်မာနများ၊ သံသယများ၊ အမုန်းတရား များကို ဖယ်ရှားပြီး နိုင်ငံသား အားလုံး လိုလား တောင့်တနေတဲ့ ဖက်ဒရယ် နိုင်ငံတော်ကြီး ပေါ်ထွန်းရေးအတွက် မဆုတ်မနစ် ကြိုးပမ်းကြပါ လို့တိုက်တွန်းလိုပါတယ်” ဟု ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားရာတွင် တပ်မတော်၏ ငြိမ်းချမ်းရေးရပ်တည်ချက်သည် ငြိမ်းချမ်းရေးမဟာဗျူဟာဖြစ်သည့် NCA လမ်းကြောင်းပေါ်တွင် မသွေမဖည် ခိုင်ခိုင်မာမာရပ်တည် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA လမ်းကြောင်းကို လျှောက်လှမ်းရာတွင်လည်း တပ်မတော်၏ ငြိမ်းချမ်းရေးမူ(၆)ရပ်နဲ့အညီ ခိုင်မာစွာ ရပ်တည်လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း၊ NCA ဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို လက်နက်ချခိုင်းတဲ့ စာချုပ်မဟုတ်ကြောင်းပြောကြားခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်စား ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး က လည်း ၂၁ ရာစု ပင်လုံဒုတိယအစည်းအဝေးကျင်းပခြင်းသည်(NCA) ပါ ပြဌာန်းချက် နှင့်အညီ ဖြစ်ရုံမက နိုင်ငံရေးလိုအပ်ချက်များလည်း ကြီးကြီးမားမား ရှိနေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.