Connect with us

News

Online e-Visa စနစ်ဖြင့် Business Visa (လုပ်ငန်းဗီဇာ) လျှောက်ထားနိုင်ကြောင်း ကြေညာပြီးချိန်မှ ယခုအထိ လျှောက်ထားသူ ၁၀၀ ကျော်ရှိ

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ၂၀၂၀ ပြည့်နှစ်အတွင်း ခရီးသွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ)

ခေတ္တရပ်ဆိုင်းထားသည့် Online e-Visa စနစ်ဖြင့် Business Visa (လုပ်ငန်းဗီဇာ) ကို ဧပြီ ၁ ရက်မှ စတင်လျှောက်ထားနိုင်ကြောင်း ကြေညာပြီးနောက် ယခုအထိ လျှောက်ထားသူ ၁၀၀ ကျော်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနထံမှ သိရသည်။“ဒီနေ့အထိကတော့ စုစုပေါင်း လျှောက်ထားသူပေါင်း ၁၁၀ အထိ ရှိပါပြီ ။ ဒါပေမယ့် ကျွန်တော်တို့ approval မပေးရသေးပါဘူး ။ ကျန်းမာရေး နဲ့ အာမခံ ကိစ္စတွေက အွန်လိုင်းစနစ်နဲ့ လုပ်နေတာ ဖြစ်နေတဲ့အတွက် သူတို့ကို ကျွန်တော်တို့ စောင့်နေရသေးတာပါ။ မနက်ဖြန် သို့မဟုတ် သဘက်ခါလောက်မှ အဆင်ပြေမယ် ထင်ပါတယ်။”ဟု လူဝင်မှုကြီးကြပ်ရေးနှင့်  ပြည်သူ့အင်အားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဦးအောင်သီဟက ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနသည် Online e-Visa လျှောက်ထားရယူမှုများကို ၂၀၁၄ ခုနှစ် စက်တင်ဘာလ (၁) ရက်မှစတင်၍ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုနှုန်းမြင့်မားလာသည့်အတွက် မြန်မာနိုင်ငံသို့လာရောက်သော ခရီးသွားများအပေါ် ကြိုတင်ကာကွယ်မှုဆောင်ရွက်သည့် ကန့်သတ်ချက်များနှင့်အညီ ၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်တွင် ယာယီရပ်ဆိုင်းထားခဲ့ကြောင်း သိရသည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပွားမှုနှုန်း လျော့နည်းကျဆင်းလာသည့်အပြင် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် ကျန်းမာရေးဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ရာ Online e-Visa စနစ်အား ပြန်လည်စတင်ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ ဧပြီ (၁) ရက်မှ စတင်၍ Business Visa(လုပ်ငန်းဗီဇာ)လျှောက်ထားမှုများအား ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက အသိပေးကြေညာထားသည်။ (Xinhua)

#လုပ်ငန်းဗီဇာ #လူဝင်မှုကြီးကြပ်ရေး #ကိုဗစ်-၁၉  #ဆင်ဟွာ #xinhua #myanmar #xinhuamyanmar

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.