Connect with us

News

မြန်မာနိုင်ငံမှ ဌက်ပျောသီးကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်း နှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှတဆင့် တင်ပို့နိုင်

ရန်ကုန်မြို့၌ ဌက်ပျောခိုင်များကို သယ်ယူနေရာချနေသည့် အလုပ်သမားများအား ၂၀၁၃ ခုနှစ်အတွင်း တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ ဧပြီ ၃ ရက်(ဆင်ဟွာ)

မြန်မာနိုင်ငံမှ ငှက်ပျောသီးများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့နိုင်ရန်အတွက် အပင်/တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး သဘောတူညီချက်အား ဧပြီ ၁ ရက်တွင် တရုတ်ပြည်သူသမ္မတနိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့ (General Administration of Customs of the People’s Republic of China- GACC) နှင့် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ယခုလက်မှတ်ရေးထိုးသည့် သဘောတူစာချုပ်အရ မြန်မာနိုင်ငံမှ ငှက်ပျောသီးကို တရုတ်နိုင်ငံသို့ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ တဆင့်တင်ပို့နိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။မြန်မာနိုင်ငံ ငှက်ပျော စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အစုအဖွဲ့ ဗဟိုကော်မတီဝင် ဦးရဲထွဋ်လင်းက “လက်မှတ်ထိုးနိုင်လိုက်တဲ့အတွက် ပိုပြီးတော့ မျှော်လင့်ချက် ရှိသွားတာပေါ့ ။ အခုအခြေအနေကတော့ နယ်စပ်ကုန်သွယ်ရေးမှာက ကုန်စည် ဖလှယ်တဲ့အဆင့်နဲ့ သွားနေတယ်။ အခုကြတော့ နှစ်နိုင်ငံ လက်မှတ်ထိုးလိုက်တော့ ပိုပြီးတော့ ကောင်းသွားတာပေါ့ ။ အခုစာချုပ်ချုပ်ပြီးသွားပြီ ဆိုရင် ရေလမ်းကလဲ ပို့လို့ရမယ် ။ ကုန်းလမ်းကလဲ ပို့လို့ရမယ် ။ အဲဒီအတွက် အားသာချက် ပိုပြီး ရှိသွားတာပေါ့ ။ စိတ်ချရမှု ပိုတိုးသွားတာပေါ့ ။ နယ်စပ်ဒေသကနေ အခက်အခဲ ရှိနေရင်တောင် သင်္ဘောနဲ့ ပို့မယ်ဆိုရင် ပိုအဆင်ပြေတယ်ဗျ။ အရင်က နယ်စပ် တစ်ခုတည်း ပို့နေရတာပေါ့ ။ အခုလို လက်မှတ်ထိုးလိုက်တဲ့အတွက် အရမ်း ဝမ်းသာပါတယ် ။ ဌက်ပျောကို မှီခိုပြီး လုပ်နေတဲ့ လူတွေအားလုံးကလဲ ဝမ်းသာကြပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းကလဲ ဒါအများကြီး ပေးထားတာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်တွေလဲ အဆင်ပြေတယ် ဆိုရင် ဒေသခံတောင်သူတွေရော ပူးတွဲပြီး လုပ်နေတဲ့သူတွေအားလုံးကလဲ အဆင်ပြေပြေ ချောချောမွေ့မွေ့ ဖြစ်သွားတာပေါ့ ။”ဟု ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ရန် ဆန်၊ ဆန်ကွဲ၊ ပိုးအိမ်ခြောက်၊ ကျွဲ၊ နွားအရှင်နှင့် ပြောင်း တင်ပို့နိုင်ရေးအတွက် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး(SPS) သဘောတူစာချုပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် GACC တို့အကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ရာ ယခုငှက်ပျောသီးကို တရားဝင်တင်ပို့နိုင်ရန်အတွက် ငါးကြိမ်မြောက် လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ ထွက်ရှိသော ပဲပုပ်၊ ပီလောပီနံ၊ ကန်စွန်းဥများ တင်ပို့နိုင်ရေးအတွက် အပင်/ တိရစ္ဆာန်ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်ရေး(SPS) နှစ်ဖက်သဘောတူစာချုပ်များ မကြာမီ လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည့်အပြင် အလားအလာရှိသော ပို့ကုန်အမယ်သစ်များဖြစ်သည့် နာနတ်သီး၊ ထောပတ်သီး၊ ကျွဲကောသီး၊ သံပရာသီး၊ ကွမ်းသီးအစိမ်းတို့ အတွက်လည်း လိုအပ်သည့် ပိုးမွှားရောဂါဆန်းစစ်မှုဆိုင်ရာ အချက်အလက်များကို နှစ်ဘက်ညှိနှိုင်းဖလှယ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
စိုက်ပျိူးရေး၊ မွေးမြူရေးနှင့် ရေထွက်ပစ္စည်းများ ပြည်ပတင်ပို့ရာတွင် လိုအပ်သည့် အပင်/ တိရစ္ဆာန် ကျန်းမာရေးဆိုင်ရာ ပိုးမွှားကင်းစင်သန့်ရှင်းရေး (Sanitary and Phytosanitary-SPS) ကိစ္စရပ်များကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)