Connect with us

Politics & Security

တရုတ်အစိုးရကူညီထောက်ပံ့မှုဖြင့် ကမ္ဘောဒီးယားတောင်ပိုင်း၌ တည်ဆောက်နေသော ၇ စင်းမြောက် တံတား ပြီးလုနီးပြီ

တရုတ်အစိုးရထောက်ပံ့ငွေဖြင့်တည်ဆောက်ခဲ့သော ကမ္ဘောဒီးယားနိုင်ငံ၏ ၇ စင်းမြောက် တံတားအား တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဒဲလ် ၊ ကမ္ဘောဒီးယား ၊ သြဂုတ် ၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရ ကူညီထောက်ပံ့ငွေဖြင့် ကမ္ဘောဒီးယားနိုင်ငံ တောင်ပိုင်း၌ ၂၈ လကြာအချိန်ယူ တည်ဆောက်ခဲ့သော Tonle Bassac မြစ်ကူးတံတားမှာ ပြီးစီးလုနီးပါးဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတံတားမှာ တရုတ်အစိုးရ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့သည့် ၇ စင်းမြောက် မြစ်ကူးတံတားဖြစ်ကြောင်းသိရသည်။

အဆိုပါတံတား၏ အဓိကအစိတ်အပိုင်းများ အပြီးသတ်ချိတ်ဆက်မှုကို သြဂုတ်လ ၈ ရက်တွင်ပြုလုပ်ခဲ့ရာ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဆန်ဒတ်ဟွန်ဆန် နှင့် ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Bu Jianguo တို့နှစ်ဦးတက်ရောက်အားပေးခဲ့သည်။
၎င်းတံတားသည် အရှည် ၄၁၅ မီတာ နှင့် အကျယ် ၁၃.၅ မီတာရှိ ပြီး ကမ္ဘောဒီးယားနိုင်ငံမြို့တော် ဖနွမ်းပင်မြို့မှ တောင်ဖက် ၆ဝ ကီလိုမီတာအကွာတွင်ရှိသည့် ကမ်ဒဲလ်ပြည်နယ် Koh Thom ခရိုင်တွင် တည်ရှိကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က တံတားတည်ဆောက်မှုသည် ရထားသံလမ်းတပ်ဆင်မှုအပိုင်းပြီးဆုံးချိန် ၂ဝ၁၆ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုံးဝ ပြီးစီးဖွယ်ရှိကြောင်း ဆိုသည်။
“မြစ်ကမ်းနံဘေးမှာနေထိုင်ကြတဲ့ နွမ်းပါးတဲ့ပြည်သူတွေအတွက် ကုန်ပစ္စည်း သယ်ယူပို့ဆောင်ဖို့နဲ့ လမ်းခရီးသွားလာရေးခက်ခဲမှုကို ဖြေရှင်းပေးဖို့အတွက် ဒီတံတားကြီးက မရှိမဖြစ်ပါဘဲ” ဟု ဝန်ကြီးချုပ်ဟွန်ဆန်က အခမ်းအနားတွင်ပြောကြားသည်။
ထို့ပြင် ၎င်းတံတားသည် တရုတ်အစိုးရ ချေးငွေဖြင့် ကမ္ဘောဒီးယားနိုင်ငံ၌ တည်ဆောက်ခဲ့သော ၇ စင်းမြောက်တံတားဖြစ်ကြောင်း ဝန်ကြီးချုပ်က ဆိုသည်။
“ တရုတ်သံအမတ်ကြီး Bu ရှေ့ထားပြီး ပြောရမယ်ဆိုရင် တရုတ်အစိုးရရဲ့ထောက်ပံ့မှုအတွက် ကျေးဇူးတင်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံမှာ လူမှုစီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် တရုတ်နိုင်ငံက အကူအညီနဲ့အတိုးနည်းချေးငွေတွေ ထုတ်ပေးတဲ့အတွက်ပါ။ တရုတ်-ကမ္ဘောဒီးယားနိုင်ငံ ချစ်ကြည်ရင်းနှီးမှုဟာ ဒီတံတားရဲ့ခိုင်မာမှုအတိုင်းဆက်လက်တည်ရှိနေလိမ့်မယ်လို့ယုံကြည်ပါတယ် ” ဟု ဟွန်ဆန်က ဆက်လက်ပြောကြားသည်။
တရုတ်သံအမတ်ကြီးက ကမ္ဘောဒီးယားနိုင်ငံ၏ လမ်း၊တံတားများ ထပ်မံတည်ဆောက်နိုင်ရေးကို တရုတ်နိုင်ငံက ဆက်လက်ကူညီခြင်းဖြင့် ပို့ဆောင်ရေးကဏ္ဍတွင် အခြေခံအဆောက်အအုံများ တိုးတက်ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးရန် နှင့်ဆင်းရဲမွဲတေမှုလျှော့ချရန်အတွက် ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
အဆိုပါ တံတားကို တရုတ်အစိုးရ၏ အတိုးနည်း ချေးငွေ အမေရိကန်ဒေါ်လာ ၁၉.၄ သန်းဖြင့် တရုတ်နိုင်ငံ လမ်းတံတားကော်ပိုရေးရှင်းက တာဝန်ယူ တည်ဆောက်ပေးခြင်းဖြစ်ကြောင်းသိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.