Connect with us

Politics & Security

အာဆီယံနိုင်ငံများ ရင်ဆိုင်ရမည့် စိန်ခေါ်မှု သုံးခုရှိဟု မြန်မာ စွမ်းအင် ဝန်ကြီးပြော

မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက (၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင် ဝန်ကြီးများ ဖိုရမ်ဖွင့်ပွဲတွင် အမှာစကား ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ စက်တင်ဘာ ၂၁ ရက် (ဆင်ဟွာ)

အာဆီယံနိုင်ငံများ စွမ်းအင် ရေရှည် အလုံအလောက် ရရှိရေးအတွက် စိန်ခေါ်မှု သုံးခုကို ရင်ဆိုင် ကျော်လွှားရမည် ဖြစ်ကြောင်း (၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင်ဝန်ကြီးများ ဖိုရမ်၏ ၂၀၁၆ အလှည့်ကျ ဥက္ကဋ္ဌ ဖြစ်သူ မြန်မာနိုင်ငံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေဇင်ထွန်းက ပြောသည်။

“အာဆီယံနိုင်ငံတွေရဲ့ စွမ်းအင် သုံးစွဲမှုနှုန်းက နှစ်ဆတိုးလာတဲ့ အတွက် ကျွန်တော်တို့ ဒေသတွင်း စွမ်းအင် လိုအပ်ချက်ကို ရေရှည် ဖြည့်ဆည်းနိုင်ဖို့ လိုလာပါတယ်၊ စွမ်းအင် ထုတ်လုပ်မှုမှာ အကန့်အသတ်တွေ ရှိနေတာ၊ ကျောက်မီးသွေးကနေ စွမ်းအင် ရယူတာကို ပိုပြီး အားပြုလာရတာ၊ ငွေကြေး မသုံးစွဲနိုင်တာ စတဲ့ စိန်ခေါ်မှု သုံးခုကို ကျွန်တော်တို့ရင်ဆိုင် ကျော်လွှားရမှာဖြစ်ပါတယ်” ဟု နေပြည်တော်၊ MICC II တွင် ယနေ့နံနက် ၉ း ၀၀ နာရီ၌ စတင်ဖွင့်လှစ်ခဲ့သည့် (၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင် ဝန်ကြီးများ ဖိုရမ် အဖွင့် မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

အာဆီယံ စွမ်းအင် ဝန်ကြီးများအစည်းအဝေးကို နေပြည်တော်ရှိ Horizon Lake View ဟိုတယ်တွင် ကျင်းပနေစဉ် (ဆင်ဟွာ)

ကြိမ်မြောက် အာဆီယံ စွမ်းအင် ဝန်ကြီးများ ဖိုရမ်သို့ တက်ရောက်လာသော အာဆီယံနိုင်ငံများ၏ စွမ်းအင်ဝန်ကြီးများကို တွေ့ရစဉ် (ဆင်ဟွာ)

ထို့အပြင် ဝန်ကြီးက အာဆီယံ ဒေသတွင်း စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်သည်နှင့်အမျှ အရှေ့အာရှနှင့် တောင်အာရှ နိုင်ငံများ၏ ဖွံ့ဖြိုး တိုးတက်မှုကိုပါ အကျိုးသက်ရောက်စေမည် ဖြစ်ကြောင်း၊ အာဆီယံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (APAEC :_ Asean plan of Energy for Cooperation 2010 -2015 ) ကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သဖြင့် ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း ယခုနှစ် APAEC ၂၀၁၆ – ၂၀၂၅ ၏ စီမံကိန်း ပထမအဆင့် ဖြစ်သည့် ၂၀၁၆ မှ ၂၀၂၀ အတွင်း အာဆီယံ ဒေသတွင်း နိုင်ငံများအကြား၊ အာဆီယံနှင့် ဆွေးနွေးဘက်နိုင်ငံများ၊ အဖွဲ့အစည်းများတို့အကြား စွမ်းအင် ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပူးပေါင်း ဆောင်ရွက်သွားမည့် မူဝါဒ ရည်မှန်းချက်များ၊ လုပ်ငန်း အစီအစဉ်များကို တက်ကြွစွာဖြင့် ဝိုင်းယန်း ဆွေးနွေးကြပါရန်လည်း တက်ရောက်လာသည့် ကိုးနိုင်ငံမှ စွမ်းအင် ဝန်ကြီးများအား တိုက်တွန်း ပြောကြားခဲ့သည်။
(၃၄) ကြိမ်မြောက် အာဆီယံ စွမ်းအင် ဝန်ကြီးများ ဖိုရမ် ဖွင့်ပွဲ အခမ်းအနားနှင့် စွမ်းအင် ကုမ္ပဏီအချို့၏ ပြခန်းများကို နေပြည်တော်ရှိ MICC II တွင် ပြုလုပ်ခဲ့ပြီး စွမ်းအင် ဝန်ကြီးများ အစည်းအဝေးကို The Horizon lake View ဟိုတယ်တွင် ယနေ့နှင့် မနက်ဖြန် ညနေပိုင်းအထိ ပြုလုပ်ခဲ့ကြရာ အာဆီယံ ၁၀ နိုင်ငံမှ ဝန်ကြီး၊ ဒုတိယ ဝန်ကြီးများနှင့် အာဆီယံ ဒုတိယ အထွေထွေ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ကြသည်။
စက်တင်ဘာလ ၂၂ ရက်နေ့ညနေပိုင်း အစည်းအဝေး ပြီးဆုံးချိန်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.