Connect with us

Local

မသန့်ရှင်းသော စားသုံးဆီများကို စားအုန်းဆီနှင့် ရောနှော ရောင်းချမှုကို ထိရောက်စွာ အရေးယူမည်

ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်အား နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအစည်းအဝေးတွင် တွေ့ရစဉ် (ဓာတ်ပုံ-မြဝတီ)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ပြည်တွင်း ဈေးကွက်အတွင်း မသန့်ရှင်းသော စားသုံးဆီများကို ပြန်လည် သန့်စင်ပြီး စားအုန်းဆီနှင့် ရောနှော ရောင်းချနေတာတွေကို ထိထိရောက်ရောက် အရေးယူရန် စီးပွား ကူးသန်း ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ပြောကြားသည်။

“ယခုရက်ပိုင်းအတွင်း စက်မှု လုပ်ငန်းတွေမှာ အသုံးပြုပြီး မြောင်းဆီလို့ လူသိများတဲ့ မသန့်စင်သော ဆီတွေကို ပြန်လည် သန့်စင်ကာ စားအုန်းဆီဖြင့် ရောနှောရောင်းချနေတဲ့ သတင်းများ ရှိနေတယ်၊ အများပြည်သူ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်သည့် ကိစ္စဖြစ်လို့ ထိထိရောက်ရောက် အရေးယူဖို့လိုတယ်” ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်က ဆိုသည်။

နေပြည်တော် စီးပွားကူးသန်း ဝန်ကြီးဌာနရုံးတွင် ဒီဇင်ဘာလ ၁ရက်က ပြည်ထောင်စု ကုန်ဈေးနှုန်းတည်ငြိမ်ရေး ကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြည်တွင်း ကြက်သွန်နီဈေးနှုန်းများ ယခုနှစ် ထူးခြားစွာ မြင့်တက်နေသည့်အတွက် ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းများက တင်သွင်းခွင့်ပြုပေးထားပြီး ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်ပေးနေကြောင်း ပြောကြားသည်။

စီးပွားကူးသန်း ဝန်ကြီးဌာန အနေဖြင့် ပြည်တွင်း၌ ကြက်သွန်နီ ဈေးနှုန်း အဆမတန် မြင့်တက်ခြင်းကို ထိန်းချုပ်ရန်နှင့် ဈေးနှုန်း တည်ငြိမ်ရေးအတွက် အိန္ဒိယနိုင်ငံ နှင့် တရုတ်နိုင်ငံများမှနေ ကြက်သွန်နီများကို အကန့်အသတ်နှင့် ဝယ်ယူ တင်သွင်းခွင့်ပြုမည် ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီးကဆိုသည်။ (Xinhua)