Connect with us

Local

ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို တိုင်းဒေသကြီးနှင့်ပြည်နယ်များ အချိုးညီဖွံ့ဖြိုးရန် ဇုန်များခွဲခြားကာ ဇုန်အလိုက် အခွင့်သက်သာခွင့်များ သတ်မှတ်မည်

စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲကျင်းပစဉ်(ဓာတ်ပုံ-MOI)

ရန်ကုန်၊ ဒီဇင်ဘာ ၂ ရက် (ဆင်ဟွာ)

ရင်းနှီးမြှုပ်နှံမှုဥပဒေအသစ်အရ နိုင်ငံတော်၏ စီးပွားရေး မူဝါဒ မူဘောင်နှင့်အညီ လာမည့်နှစ်သစ်တွင် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးအချိုးညီ ဖွံ့ဖြိုးတိုးတက်စေရန် ဇုန်(၁)၊ ဇုန်(၂)၊ ဇုန်(၃)ဟူ၍ ဇုန်အလိုက်ခွဲခြားပြီး ကွဲပြားသည့် အခွန် သက်သာခွင့်များအား ဇုန်အလိုက်သက်မှတ်ထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးကော်မတီ ဥက္ကဋ္ဌ ဒုတိယ သမ္မတ ဦးမြင့်ဆွေက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ဒီဇင်ဘာ ၁ရက်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပသည့် စီးပွားရေး ကဏ္ဍ ဖွံ့ဖြိုး တိုးတက်ရေး ဆွေးနွေးပွဲတွင် ဒုတိယ သမ္မတက အထက်ပါ အတိုင်းပြောကြားသည်။

နိုင်ငံတော်၏စီးပွားရေးမူဝါဒတွင် အဓိကအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရည်မှန်းချက်များကို ကြည့်မည် ဆိုလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ အကြား

ဘက်ညီမျှတသည့် ဖွံ့ဖြိုးမှုရရှိရေး၊ စွမ်းရည်ပြည့် ဝသော လူငယ်မျိုးဆက်သစ်များပေါ်ထွန်းလာရေးနှင့် တီထွင်ဆန်းသစ်မှုရှိပြီး အစဉ်အမြဲ တိုးတက်နေရန် ထိန်းသိမ်းထားနိုင်သည့် စီးပွားရေးစနစ်ကို ထူထောင်ရေးတို့ဖြစ်ကြောင်း ဒုတိယ သမ္မတ ဦးမြင့်ဆွေက ဆိုသည်။

နိုင်ငံတော်၏ အမျိုးသားအဆင့် စီးပွားရေးမူဝါဒကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ စီးပွားရေး ကဏ္ဍအလိုက် မူဝါဒ၊ လုပ်ငန်းစဉ်များရေးဆွဲပြီး ဆက်လက်အကောင်အထည်ဖော် နေပါကြောင်း၊ စီးပွားရေး မူဝါဒ၏ အဓိကကျသော ကဏ္ဍဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ပြီး နိုင်ငံစီးပွားရေး တိုးတက်ဖော်ဆောင်နိုင်ရန် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ နည်းဥပဒေနှင့် အမိန့်ကြေ ညာချက်များကိုလည်း မကြာခင်ဆက်လက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင် များက တရားမဝင် ကုန်သွယ်မှု ကဏ္ဍ၊ လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံခြားငွေ လဲလှယ်နှုန်းကိစ္စ၊ ဆန်၊ ပဲ၊ နှမ်း၊ ရေထွက် ပစ္စည်း၊ မွေးမြူရေး၊ သစ်တောထွက်ပစ္စည်း၊ အထည်အလိပ်၊ ခရီးသွားလုပ်ငန်းစသည့် ပို့ကုန်မြှင့်တင်ရေး ကဏ္ဍများ၊ ရန်ကုန်မြို့ သစ် စီမံကိန်း ကဏ္ဍနှင့် စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထွေထွေ ကိစ္စရပ်များကို ဆွေးနွေး တင်ပြကြသည်။

စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆွေးနွေးပွဲသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်း၊ ရန်ကုန် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဋ္ဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ၊ စီးပွားရေး လုပ်ငန်း ရှင်များ တက်ရောက်ကြသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.