Connect with us

Local

မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) မှ  လုပ်သား   ၁၄,၂၉၉ ဦးကို အရည်အချင်းပြည့်မီဟုစစ်ဆေးပေးနိုင်ခဲ့

အထည်ချုပ်လုပ်ငန်းခွင်တွင် လုပ်သားများ အလုပ်လုပ်ကိုင်နေစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံလုပ်သားများ  ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) သည် စစ်ဆေးအကဲဖြတ်ရေး လုပ်ငန်းစဉ် စတင်ခဲ့သည့် ၂၀၁၄ ခုနှစ် မှ ၂၀၁၉ ခုနှစ် နိုဝင်ဘာလကုန်အထိ အလုပ်အကိုင် ၂၃ မျိုးမှ အမျိုးသား အဆင့် ကျွမ်းကျင်မှုအဆင့်  (၁) ၁၃,၂၄၀ ဦးနှင့် ကျွမ်းကျင်မှုအဆင့် (၂) ၁၀၅၉ ဦး    စုစုပေါင်းလုပ်သား   ၁၄၂၉၉ ဦးကို အရည်အချင်းပြည့်မီ ကြောင်း စစ်ဆေးအကဲဖြတ် ပေးနိုင်ခဲ့သည်ဟု အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးသိန်းဆွေက ဒီဇင်ဘာ ၁၅ ရက်တွင် ပြောကြားသည်။

NSSA အနေဖြင့်  မန္တလေးတိုင်းဒေသကြီးအတွင်း စစ်ဆေးအကဲဖြတ်ရေးဌာန ၄၀ ကို အသိအမှတ်ပြုထားပြီး အထည်ချုပ်၊ လျှပ်စစ်၊ ဂဟေ၊ အုတ်စီ၊ အသေးစား စက်ပြင်၊  အိပ်ခန်းဆောင်ထိန်းသိမ်း ရေးနှင့်  လေအေးပေးစက်  ပြုပြင် တပ်ဆင်အလုပ်အကိုင်များ အပါအဝင် အလုပ်အကိုင် ၁၈ မျိုးမှ ကျွမ်းကျင်လုပ်သား ၃,၇၄၉ ဦးကို စစ်ဆေးအကဲ ဖြတ်နိုင်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဆိုသည်။

ယင်း NSSAမှ ရေးဆွဲသတ်မှတ် ထားသော ကျွမ်းကျင်မှု “စံ” များတွင် မန္တလေးတိုင်းဒေသကြီး၏ မိရိုးဖလာ ရိုးရာအမွေအနှစ် အလုပ်အကိုင်များ ဖြစ်သော      ပန်းဆယ်မျိုးအနက် ယွန်းလုပ်ငန်းဆိုင်ရာ  သားရိုးပန်းကြွ၊ ရွှေဇဝါ၊ ကညစ်၊ သစ်အဖြူထည်၊ အနက်ထည်နှင့် ဝါးခွေထည် အလုပ်အကိုင်များအတွက် ကျွမ်းကျင်မှု “စံ” အဆင့်(၁)နှင့် ရက်ကန်းလုပ်ငန်း ဆိုင်ရာ   စက်ရက်ကန်း၊ လက်ရက် ကန်းနှင့် ရိုးရာအချိတ်ရက်ကန်း အလုပ်အကိုင်များအတွက် ကျွမ်းကျင် မှု “စံ” အဆင့်(၁)တို့ကို   ရေးဆွဲ သတ်မှတ်ပြီးဖြစ်၍ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်   ဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာန အပါအဝင် ဆက်စပ်ဝန်ကြီးဌာနများနှင့် ပုဂ္ဂလိက သက်မွေးပညာ  သင်တန်းကျောင်းများ ၌ NSSA ကျွမ်းကျင်မှု “စံ” အခြေပြု သင်ရိုးညွှန်းတမ်းများ ရေးဆွဲပြီး သင်ကြားပို့ချနိုင်ရေး၊    ခေတ်မီစက် များကို ကိုင်တွယ်အသုံးပြုနိုင်မည့် ကျွမ်းကျင်လုပ်သားများ မွေးထုတ် ပေးနိုင်ရေး အလေးထားဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း၌ မိရိုးဖလာ လက်ငုတ်လက်ရင်း လုပ်ငန်းများဖြစ်သော  စက်ရက်ကန်း နှင့်   လက်ရက်ကန်းလုပ်ငန်းများ၊ လက်မှုလုပ်ငန်းများ၊ အစိုးရအထည် ချုပ်စက်ရုံများ၊ ပုဂ္ဂလိကအထည် ချုပ်စက်ရုံများ၊ အခြားလူသုံးကုန် ပစ္စည်းထုတ်စက်ရုံများ၊  စက်ပစ္စည်း ထုတ်စက်ရုံများ၊  အစိုးရတက္ကသိုလ်၊ ကောလိပ်များ၊ အစိုးရ၊   ပုဂ္ဂလိက အသက်မွေးဝမ်းကျောင်း ပညာသင် တန်းကျောင်းများ အများအပြား ရှိကြောင်း၊    ဝန်ကြီးဌာနအနေဖြင့် အလုပ်ရှာဖွေသူများ အလုပ်အကိုင် ရရှိရေး၊   အလုပ်ရှင်များ လုပ်ငန်းခွင် လိုအပ်ချက်နှင့်အညီ  ကျွမ်းကျင် လုပ်သားများရရှိရေးအတွက် ချိတ်ဆက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရင်းနှီး မြှုုပ်နှံမှုအများဆုံး လုပ်ငန်းများနှင့် လုပ်သားဈေးကွက်အရ ကျွမ်းကျင် လုပ်သားအများဆုံး     လိုအပ်သော လုပ်ငန်းများတွင် အထောက်အပံ့ဖြစ် ရေး လုပ်ငန်းခွင်နှင့်  လုပ်ငန်းခွင်ပြင်ပရှိ ကျွမ်းကျင်လုပ်သားများကို  ကျွမ်းကျင် မှုအသိအမှတ်ပြု လက်မှတ်များ ရရှိနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ပြည်ထောင်စု ဝန်ကြီးက ပြောကြား သည်။

မြန်မာနိုင်ငံ လုပ်သားများကျွမ်းကျင်မှု “စံ”သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA)၏ အမျိုးသားအဆင့် အလုပ် အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိ အမှတ်ပြု လက်မှတ်ပေးအပ်ပွဲကို ဒီဇင်ဘာ ၁၅ ရက် မွန်းလွဲ  ၁ နာရီတွင် မန္တလေးမြို့ ရှိ  စက်မှုဇုန်(၁) ကနောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.