Connect with us

Business

၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုလာလ(၂၀)ရက်မှ (၂၈)ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပမည်

နေပြည်တော်၌ ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတစ်ခုတွင် ကျောက်စိမ်းကြည့်ရှုနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ အောက်တိုဘာ ၄ ရက် (ဆင်ဟွာ)

၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲကို အောက်တိုလာလ(၂၀)ရက်မှ (၂၈)ရက်အထိ နေပြည်တော် မဏိရတနာကျောက်စိမ်းခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာအောင်သူရိန်ဝင်းက ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၄ ရက်တွင်ပြောသည်။
အဆိုပါ နှစ်လယ်ကျောက်မျက်ရတနာပြပွဲကို သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

နေပြည်တော်၌ ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတစ်ခုတွင် ကျောက်စိမ်းကြည့်ရှုနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

နေပြည်တော်၌ ကျင်းပသည့် ကျောက်မျက်ရတနာပြပွဲတစ်ခုတွင် ကျောက်စိမ်းကြည့်ရှုနေကြသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရတနာပြပွဲတွင် မြန်မာနိုင်ငံမှ ထွက်ရှိသော ပုလဲ၊ ကျောက်မျက်နှင့် ကျောက်စိမ်းအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း ဒေါက်တာအောင်သူရိန်ဝင်း၏ ပြောကြားချက်အရ သိရသည်။

မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဒုတိယဥက္ကဋ္ဌ တစ်ဦးက “ဒီပွဲက နိုင်ငံခြားသားဝယ်လက်လည်းပါတယ်။ ကျောက်စိမ်းတွဲက ၄,၀၂၆၊ ကျောက်မျက်အတွဲပေါင်း ၁၆၀ နဲ့ ပုလဲအတွဲပေါင်း ၃၀၀ တွဲ ရောင်းချမှာပါ။ တရုတ်ဝယ်လက်အများစုလည်း လာမယ်လို့ကြားတော့ ဒီပွဲက ရောင်းရမယ်လို့ထင်ပါတယ်။ အရင်ပွဲတွေလိုပဲ တင်ဒါစနစ်နဲ့ရောင်းချမယ်လို့သိရပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ အောက်တိုဘာ ၄ ရက်တွင်ပြောသည်။

အဆိုပါ ကျောက်မျက်ရတနာပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ ကျောက်မျက်ရတနာများ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များ၊ လိုင်စင်ရယူ၍ ကျောက်မျက်ရတနာရောင်းဝယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ နှစ်လယ်မြန်မာ့ကျောက်မျက်ရတနာပြပွဲ တက်ရောက်ဝယ်ယူခွင့်ကိစ္စများနှင့် ပတ်သတ်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)တို့တွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

၅၈ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့ပြီး၊ ၅၇ ကြိမ်မြောက်ကျောက်မျက်ရတနာပြပွဲကို ၂၀၂၂ ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့သည်။ (Xinhua)