Connect with us

Business

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က လုပ်ငန်း ၆ ခုကို ရင်းနှီးမြှုပ်နှံရန်ခွင့်ပြု

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု) မြို့နယ် ဇီးအိုင်ကျေးရွာရှိ မင်းဘူးနေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကိုတွေ့ရစဉ် (ဓာတ်ပုံ-ပြန်ကြားရေးဝန်ကြီးဌာန)

ရန်ကုန်၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်း ၆ ခုကို ခွင့်ပြုပေးခဲ့ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

လျှပ်စစ်ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၆ ခုကို ခွင့်ပြုပေးခဲ့ပြီး အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၇၂.၉၈ သန်းနှင့် ငွေကျပ် ၃၁၄,၇၃၉.၁၄၁ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းပေါင်း ၂,၆၀၀ ကျော်ကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယင်းနေ့အစည်းအဝေးက ခွင့်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ ဩဂုတ်လကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ .၄၅ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓါတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၂၄.၄၆ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄.၃၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံသူများက တင်ပြလာသည့် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား စိစစ်ခွင့်ပြုခြင်းကိုလည်းကောင်း၊ လက်ရှိရင်းနှီးမြှုပ်နှံသူများအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဝန်ဆောင်မှုများကိုလည်းကောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)