Connect with us

Business

မြန်မာ – ရုရှား တိုက်ရိုက်လေကြောင်းခရီးကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းမည်

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် MAI မှ လေယာဉ်တစ်စင်းအား တွေ့ရစဉ် (ဓာတ်ပုံ-MAI)

ရန်ကုန်၊ သြဂုတ် ၁၂ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) က မြန်မာ – ရုရှား တိုက်ရိုက်လေကြောင်းခရီးစဉ်သစ်ကို စက်တင်ဘာ ၅ ရက်တွင် စတင်ပျံသန်းပြေးဆွဲမည် ဖြစ်ကြောင်း အဆိုပါ လေကြောင်းလိုင်းမှ တာဝန်ရှိသူက ဆင်ဟွာသို့ ပြောသည်။
အဆိုပါ မြန်မာ-ရုရှား လေကြောင်းခရီးစဉ်ဖြစ်သော ရန်ကုန်-မန္တလေး- Novosibirsk ခရီးစဉ်သစ်ကို ယခုနှစ် စက်တင်ဘာ ၅ ရက်တွင် စတင်မည်ဖြစ်ပြီး အပတ်စဉ် အင်္ဂါနှင့် စနေနေ့တိုင်း ပျံသန်းပြေးဆွဲမည်ဖြစ်ကြောင်း၊ ယင်း မြန်မာ-ရုရှားခရီးစဉ်၏ လက်မှတ်ခနှုန်းထားသည် အမေရိကန်ဒေါ်လာ ၄၀၉ ဒေါ်လာခန့် ကျသင့်မည် ဖြစ်ကြောင်း MAI ထံမှ သိရသည်။

“မြန်မာဘက်ကအသွားဆို ရန်ကုန်ကနေ မန္တလေး၊ မန္တလေးကနေ Novosibirsk ၊ ရုရှားဘက်ကဆို Novosibirsk ကနေ မန္တလေး၊ မန္တလေးကနေ ရန်ကုန်ကိုပါ၊ ထွက်ခွာချိန်၊ ရောက်ရှိချိန်၊ Flight နံပါတ် အသေးစိတ်ကို ကျွန်မတို့ website မှာ ကြေညာထားပါတယ်၊ ခရီးကို စိတ်ဝင်စားမေးမြန်းစုံစမ်းတာတွေ ရှိပါတယ် ” ဟု MAI လေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါ ခရီးစဉ်သစ်ကို မြန်မာနိုင်ငံရှိ နာမည်ကြီး ပြည်တွင်းခရီးစဉ်များဖြစ်သည့် ငပလီ ၊ ဟဲဟိုး၊ ပုဂံ (ညောင်ဦး) ခရီးစဉ်တို့နှင့်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားရန်ရှိကြောင်း၊ ရုရှားနိုင်ငံမှ ခရီးသည်များအနေဖြင့် ထိုင်းနိုင်ငံ သုဝဏ္ဏဘူမိလေဆိပ်နှင့် ဒွန်မောင်းလေဆိပ် ၊စင်ကာပူ၊ ကွာလာလမ်ပူ၊ ဟနွိုင်း၊ ဖနွမ်းပင်နှင့် ကိုလ်ကတ္တားတို့အထိ အဆင်ပြေစွာ ချိတ်ဆက်၍ ခရီး သွားနိုင်မည်ဖြစ်ကြောင်း လေကြောင်းလိုင်းထံမှ သိရသည်။ (Xinhua)