Connect with us

Business

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၁ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားဟုဆို

မြန်မာနိုင်ငံ၏စီးပွားရေးမြို့တော် ရန်ကုန်ကို ၂၀၁၈ ခုနှစ်၊ မေ ၂၃ ရက်ကတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဩဂုတ် ၂၃ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၁ ရာခိုင်နှုန်းရရှိမည်ဟု မျှော်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဟန်မျိုးအောင်က “စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး GDP တိုးတက်မှုနှုန်း ၄.၁ ရာခိုင်နှုန်း တိုးတက်လာဖို့ အတွက် လျာထားတဲ့အခါမှာ လယ်ယာ၊ သစ်တော၊ စွမ်းအင်၊ သတ္တု နှင့် တွင်းထွက်ပစ္စည်း၊ စက်မှုလက်မှု၊ လျှပ်စစ်ဓာတ်အား၊ ဆောက်လုပ်မှု၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး၊ ငွေရေးကြေးရေး၊ လူမှုရေးနဲ့ စီမံခန့်ခွဲရေး၊ တခြားဝန်ဆောင်မှုနဲ့ ကုန်သွယ်မှုကဏ္ဍ စတဲ့ ကဏ္ဍ ၁၄ ခုအပေါ်အခြေခံပြီး ခန့်မှန်းတာပါ။ အဓိကအနေနဲ့ လယ်ယာကဏ္ဍနဲ့ သားငါးကဏ္ဍကနေ တိုးတက်ထုတ်လုပ်နိုင်ဖို့နဲ့လယ်ယာအခြေခံတဲ့ အသေးစား၊ အငယ်စား နဲ့ အလတ်စား စီးပွားလုပ်ငန်းများ ထုတ်လုပ်မှုတိုးမြှင့်နိုင်ဖို့ ရည်မှန်းပြီး လျာထားဆောင်ရွက်နေတာဖြစ်ပါတယ်” ဟု ဆင်ဟွာသို့ ယနေ့ ဩဂုတ် ၂၃ ရက်တွင် ပြောသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေနှင့် GDP ကို ၅.၆၅ ရာခိုင်နှုန်း ခန့်မှန်းထားပြီး နှစ်ကုန်စာရင်းတွက်ချက်သော အမှန်ဖြစ်ပေါ်ခဲ့မှုအရ ၆.၂၇ ရာခိုင်နှုန်း၊ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် ၅.၂၉ ရာခိုင်နှုန်းခန့်မှန်းထားပြီး ၇.၅၆ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အဲဒီကာလတွေမှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလတွေဖြစ်ပါတယ်။ အဲဒါကြောင့် ဘတ်ဂျက်လိုငွေတွေ မြင့်တက်ခဲ့ရတာပါ” ဟု ဦးမောင်မောင်ဝင်းကပြောသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လဘတ်ဂျက်ကာလတွင် ဘတ်ဂျက်လိုငွေနှင့် GDP ကို ၅.၀၇ ရာခိုင်နှုန်းခန့်မှန်းထားပြီး နှစ်ကုန်တွင် ၂ ဒသမ ၁၉ ရာခိုင်နှုန်း၊ ၂၀၂၂ -၂၀ ၂၃ ဘဏ္ဍာနှစ်တွင် ၅.၉၇ ရာခိုင်နှုန်း ခန့်မှန်းထားပြီး ၂.၉၇ ရာခိုင်နှုန်း ကျဆင်းအောင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကိုဗစ်ကပ်ရောဂါဖြစ်ပေါ်နေတဲ့ ကာလအတွင်း မြန်မာနိုင်ငံကလည်း တခြားနိုင်ငံတွေနဲ့အတူ ဝင်ငွေကျဆင်းခဲ့တဲ့ အတွက် အဘက်ဘက်မှ ကြိုးစားခဲ့ရပါတယ်” ဟု၎င်းကဆိုသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃.၂ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အနုတ် ၅.၉ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ကျဆင်းခဲ့ရကြောင်း ၎င်းကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“အနုတ်ပြနေတဲ့စီးပွားရေးကို တိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လ တာ ကာလအတွင်း၂.၄ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃.၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါတယ်”ဟု ဦးမောင်မောင်ဝင်း ကပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း နှစ်စဉ်ဘဏ္ဍာငွေ၊ ရသုံးခန့်မှန်းခြေငွေစာရင်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းမှာ နိုင်ငံတော်မှ ချမှတ်သည့် ဘဏ္ဍာရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ဦးမောင်မောင်ဝင်းက ဆိုသည်။ (Xinhua)