Connect with us

Media

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၁ ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၄ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအနေဖြင့် ၂၀၂၃ -၂၀၂၄ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ၄.၁ ရာခိုင်နှုန်းရရှိမည်ဟု မျှော်မှန်းထားကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၂၂) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လိုငွေနှင့် GDP ကို ၅.၆၅ ရာခိုင်နှုန်း ခန့်မှန်းထားပြီး နှစ်ကုန်စာရင်းတွက်ချက်သော အမှန်ဖြစ်ပေါ်ခဲ့မှုအရ ၆.၂၇ ရာခိုင်နှုန်း၊ ၂၀၂၀ – ၂၀၂၁ ဘဏ္ဍာနှစ်တွင် ၅.၂၉ ရာခိုင်နှုန်းခန့်မှန်းထားပြီး ၇.၅၆ ရာခိုင်နှုန်း ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အဲဒီကာလတွေမှာ COVID-19 ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလတွေဖြစ်ပါတယ်။ အဲဒါကြောင့် ဘတ်ဂျက်လိုငွေတွေ မြင့်တက်ခဲ့ရတာပါ” ဟု ဦးမောင်မောင်ဝင်းကပြောသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လဘတ်ဂျက်ကာလတွင် ဘတ်ဂျက်လိုငွေနှင့် GDP ကို ၅.၀၇ ရာခိုင်နှုန်းခန့်မှန်းထားပြီး နှစ်ကုန်တွင် ၂ ဒသမ ၁၉ ရာခိုင်နှုန်း၊ ၂၀၂၂ -၂၀ ၂၃ ဘဏ္ဍာနှစ်တွင် ၅.၉၇ ရာခိုင်နှုန်း ခန့်မှန်းထားပြီး ၂.၉၇ ရာခိုင်နှုန်း ကျဆင်းအောင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကိုဗစ်ကပ်ရောဂါဖြစ်ပေါ်နေတဲ့ ကာလအတွင်း မြန်မာနိုင်ငံကလည်း တခြားနိုင်ငံတွေနဲ့အတူ ဝင်ငွေကျဆင်းခဲ့တဲ့ အတွက် အဘက်ဘက်မှ ကြိုးစားခဲ့ရပါတယ်”ဟု ၎င်းကဆိုသည်။
၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း ၃.၂ ရာခိုင်နှုန်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် အနုတ် ၅.၉ ရာခိုင်နှုန်းအထိ ဖြစ်ပေါ်ကျဆင်းခဲ့ရကြောင်း ၎င်းကသတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။

“အနုတ်ပြနေတဲ့စီးပွားရေးကို တိုးတက်အောင်ဆောင်ရွက်ခဲ့တဲ့အတွက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လတာကာလအတွင်း၂.၄ ရာခိုင်နှုန်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ၃.၄ ရာခိုင်နှုန်းတိုးတက်ခဲ့ပါတယ်”ဟု ဦးမောင်မောင်ဝင်းကပြောသည်။

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ကသာ တင်သွင်းခွင့်ရှိသည့် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း နှစ်စဉ်ဘဏ္ဍာငွေ၊ ရသုံးခန့်မှန်းချေငွေစာရင်း၊ အခွန်အကောက်ဆိုင်ရာ ဥပဒေကြမ်းတို့ကို တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းမှာ နိုင်ငံတော်မှ ချမှတ်သည့် ဘဏ္ဍာရေးမူဝါဒကို အကောင်အထည်ဖော်ဆောင်ရွက်ပေးချင်းပဲဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။ (Xinhua)