Connect with us

Politics, Law & Military

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဝမ်ရိနှင့် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျင်းယေ့စ်လီဒရိန်း ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျင်းယေ့စ်လီဒရိန်းအား ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၂၉ ရက်(ဆင်ဟွာ) 

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဂျင်းယေ့စ်လီဒရိန်း (Jean-Yves Le Drian)နှင့် ဇူလိုင် ၂၈ ရက်က ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်းသိရသည်။ 

ထိုသို့ဆွေးနွေးရာတွင် ဝမ်ရိက ကမ္ဘာ၏မတည်ငြိမ်မှုနှင့်မသေချာမရေရာမှုများကို ရင်ဆိုင်ရာတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်နိုင်ငံနှင့် လွတ်လပ်၍အမှီအခိုကင်းသောအစဉ်အလာရှိသည့် နိုင်ငံကြီးအနေဖြင့် တရုတ်-ပြင်သစ် နှစ်နိုင်ငံသည် မဟာဗျူဟာဆွေးနွေးညှိနှုန်းမှုများကို မြှင့်တင်ဆောင်ရွက်သင့်ကြောင်း၊ တရုတ်-ပြင်သစ် ဆက်ဆံရေး၊တရုတ်-ဥရောပဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံပေါင်းစုံဘက်ပေါင်းစုံဝါဒကို အတူကာကွယ်ထိန်းသိမ်းကာ တစ်ဖက်သက်အနိုင်ကျင့်ဗိုလ်ကျမှုကို ဆန့်ကျင်၍ ကမ္ဘာ့တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

မကြာသေးမီက ကျင်းပသော တရုတ်-ပြင်သစ် မဟာဗျူဟာတွေ့ဆုံဆွေးနွေးမှုနှင့် အဆင့်မြင့် စီးပွားရေးဘဏ္ဍာရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုတွင် ရလဒ်ကောင်းများရရှိခဲ့ရာ တရုတ်-ပြင်သစ် ဆက်ဆံရေး၏ ဘက်စုံနှင့်မဟာဗျူဟာရှိမှုကို ပေါ်လွင်စေခဲ့ကြောင်း ၊ ယခုနှစ် နိုင်ငံခေါင်းဆောင်များ ဆွေးနွေးဖလှယ်မှုများအတွက်လည်း ပြင်ဆင်ထားပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံအနေဖြင့် အသွားအပြန်လမ်းကြောင်း “fast-track lane”ကို လုပ်ငန်းများပြန်လည်လည်ပတ်ရန်၊ သွားလာမှုနှင့်လေကြောင်းလိုင်းပြေးဆွဲမှုများ ပြန်လည်ကောင်းမွန်လာရန် အခွင့်လမ်းကောင်းအနေဖြင့် အပြည့်အဝ အသုံးချဆောင်ရွက်သင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ 

တရုတ်-ပြင်သစ် နှစ်နိုင်ငံသည် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံဖြစ်ကြရာ အပြန်အလှန် ပွင့်လင်းစွာ တံခါးဖွင့်ထားရမည်ဖြစ်ပြီး ကန့်သတ်ရမည်မဟုတ်ကြောင်း၊ ဘုံအကျိုးဖြစ်ထွန်းမှုဆောင်ရွက်ချက်များကို ပို၍တွန်းအားပေးရမည်ဖြစ်ပြီး နှစ်ဖက်နစ်နာမှုများကို ဆောင်ရွက်ရမည်မဟုတ်ကြောင်း ၊ တရားမျှတမှုရှိသော ဈေးကွက်ပတ်ဝန်းကျင်ကို အတူထိန်းသိမ်းကာကွယ်ကာ မည်သည့်စီးပွားလုပ်ငန်းကိုမျှ နှိမ်ချသည့်မူဝါဒအား မဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ 

တရုတ်နိုင်ငံနှင့် ဥရောပသည် ကမ္ဘာ့နိုင်ငံစုံပူပေါင်းပါဝင်မှု multipolarizationတွင် အရေးပါသည့် အင်အားစုကြီးနှစ်ခုဖြစ်ရာ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးကဏ္ဍတွင်ပါဝင်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပြင်သစ်နိုင်ငံနှင့်အတူ တရုတ်-ဥရောပဆက်ဆံရေးတွင် ဆွေးနွေးညှိနှိုင်းမှုများ တိုးမြှင့်သွားကာ တရုတ်-ဥရောပ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဆွေးနွေးခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရေးစသည့် ကဏ္ဍ၏ ပူးပေါင်းဆောင်ရွက်များကို အရှိန်မြှင့်တင် ဆောင်ရွက်သွားလိုကြောင်း၊ ပြင်သစ်နိုင်ငံ အနေဖြင့်လည်း အပြုသဘောဆောင်မှုများဖြင့် တရုတ်နိုင်ငံနှင့်အတူ မတူညီမှုများကိုထားရှိကာ သဘောတူညီမှုများကို ရှာဖွေ၍ ပူးပေါင်းဆောင်ရွက်မှုများကို အားစိုက်ဆောင်ရွက်ခြင်းဖြင့် တရုတ်-ဥရောပဆက်ဆံရေး ကောင်းမွန်စွာ ရှေ့တိုးဖွံ့ဖြိုးအောင် ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ 

တရုတ်-ပြင်သစ်သည် နိုင်ငံတကာနှင့်ဒေသရေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍတွင်ပါဝင်ကြောင်း၊ ယခုနှစ်သည် ကုလသမဂ္ဂတည်ထောင်သည့် ၇၅ နှစ်ပြည့် ကာလဖြစ်ကြောင်း ၊ နှစ်နိုင်ငံအနေဖြင့် ဘက်ပေါင်းစုံဝါဒကို လက်ကိုင်ထားကာ ကုလသမဂ္ဂပဋိညာဉ်စာချုပ်၏ ရည်ရွယ်ချက်နှင့် စည်းမျည်းစည်းကမ်းများကို ကာကွယ်ထိန်းသိမ်း၍ နိုင်ငံတကာ စနစ်တွင်ရှိသော ကုလသမဂ္ဂ၏ ဗဟိုအခန်းကဏ္ဍကို အားပေးထောက်ခံသင့်ကြောင်း ပြောကြားခဲ့သည်။ 

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ဂျင်းယေ့စ်လီဒရိန်းက ကပ်ရောဂါဖြစ်ပွားပြီးနောက် ပြင်သစ်-တရုတ် နှစ်နိုင်ငံ နီးကပ်သည့် ဆွေးနွေး ပူးပေါင်းဆောင်ရွက်မှုများရှိကြောင်း ၊ လေကြောင်းလိုင်း သွားလာမှုများကို သင့်တင့်သည့် စီစဉ်မှုများရှိရာ နှစ်ဖက်သွားလာမှုများအာမခံမှုရှိစေခဲ့ကြောင်း၊ ယခုကာလများအတွင်း မဟာဗျူဟာတွေ့ဆုံဆွေးနွေးမှုနှင့် အဆင့်မြင့် စီးပွားရေးဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးမှုများသည် ရလဒ်ကောင်းများစွာရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ 

ပြင်သစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အရာရှိဆက်ဆံရေးကို တစ်ဆင့်တိုးမြင့်ဆောင်ရွက်ရန် စီစဉ်ထားပြီဖြစ်ကြောင်း၊ မည်သည်နိုင်ငံ မည်သည့် လုပ်ငန်းကိုမျှ နှိမ်ချသည့်မူဝါဒများဆောင်ရွက်သွားမည်မဟုတ်ဘဲ တစ်ပြေးညီ သဘောထားကြောင်း ပြောကြားခဲ့သည်။ ဥရောပနှင့်တရုတ်နိုင်ငံသည် ဘက်ပေါင်းစုံဝါဒကို ခိုင်မာစွာလက်ကိုင်ထားကြောင်း၊ တရုတ်-ဥရောပဆက်ဆံရေးကို ပြင်သစ်နိုင်ငံအနေဖြင့် အထူးလေးထားရာ ဆွေးနွေးမှုရလဒ်ကောင်းများကို ထောက်ခံအားပေး၍  တရုတ်-ဥရောပ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဆွေးနွေးခြင်းနှင့် ရာသီဥတု ပြောင်းလဲမှုကို ရင်ဆိုင်ဖြေရှင်းရေးပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အဆိုပါ ဆွေးနွေးမှုတွင် အီရန် နျူကလီးယားအရေးကိစ္စတို့ကိုလည်း အမြင်သဘောထားခြင်း ဖလှယ်ခဲ့ကြရာ မဟာဗျူဟာ တွေ့ဆုံဆွေးနွေးမှုများကို ဆက်လက်တိုးမြင့်ဆောင်ရွက်၍ အီရန် နျူးကလီးယားသဘောတူညီချက်နှင့် အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းကို အတူကာကွယ်ထိန်းသိမ်းသွားရန် သဘောတူညီချက်ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)