Connect with us

Politics, Law & Military

တည်ငြိမ်မှုမရှိသော ၂ဝ၁၈ ခုနှစ်အတွင်း ဘက်စုံကုန်သွယ်ရေးမူဝါဒကိုကိုင်စွဲလျက် အာဆီယံအသိုက်အဝန်းထူထောင်ရေး နှင့် နိုင်ငံတကာနှင့်ပူးပေါင်းဆောင်ရွက်ရေး အတွက် အာဆီယံဆက်လက်ဆောင်ရွက်မည်

၃၃ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး နှင့် ဆက်စပ်အစည်းအဝေးများ၌ နိုင်ငံ့ခေါင်းဆောင်များ စုပေါင်းအမှတ်တရဓာတ်ပုံရိုက်ကူးစဉ်(ဆင်ဟွာ)

ဟောင်ကောင် ၊ ဒီဇင်ဘာ ၂၆ ရက်(ဆင်ဟွာ)

၂ဝ၁၈ ခုနှစ် မတည်မငြိမ်မှုများအတွင်း ကမ္ဘာကြီးသည် အပြောင်းအလဲများ လျင်လျင်မြန်မြန်ဖြစ်ပေါ်လျက်ရှိနေပြီး နိုင်ငံတကာအခင်းအကျင်းသည်လည်း စိန်ခေါ်မှုများစွာဖြင့်ကြုံတွေ့နေရသည်။ အရှေ့တောင်အာရှအာဆီယံအသင်း(ASEAN)၏ ခေါင်းဆောင်များအနေဖြင့် ဘက်စုံကုန်သွယ်ရေးမူဝါဒကို အခြေခံသော စည်းမျဉ်းစည်းကမ်းများကိုဆုပ်ကိုင်ကာ အာဆီယံအဖွဲ့အတွင်း စုစည်းမှုနှင့်အတူ ကမ္ဘာကြီးနှင့် ပိုမိုနီးကပ်စွာ ချိတ်ဆက်နိုင်ရန် ရှေ့ဆက်ဆောင်ရွက်ခဲ့ကြသည်။

စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး နှင့် လူမှုအသိုက်အဝန်းတည်ဆောက်ရေးတွင် အရေးပါသော အောင်မြင်မှုများရယူရင်း“ ခံနိုင်ရည်ရှိခြင်း နှင့် တီထွင်ဆန်းသစ်ခြင်း” ဆောင်ပုဒ်ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အခြားကမ္ဘာ့နိုင်ငံများ နှင့် ဒေသတွင်း အဖွဲ့အစည်းများနှင့်အတူ ၎င်း၏ အမျိုးမျိုးသော မိတ်ဖက်ဆက်ဆံရေးမူဘောင်အောက်တွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၌ အချက်အချာကျသောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်လျက်ရှိသည်။

စင်ကာပူနိုင်ငံ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနဝန်ကြီး ချန်းချန်စင်း(ယာ) နှင့် အာဆီယံအတွင်းရေးမှူးချုပ်လင်ဂျော့ဟွိုင်(ဝဲ) တို့အားတွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ-ဘန်ဒေါင်း မြန်နှုန်းမြင့်ရထားလမ်း ဖောက်လုပ်ရေး စီမံကိန်း(KCIC) အတွက် တရုတ်-အင်ဒိုနီးရှား နှစ်နိုင်ငံက သဘောတူညီမှုအခမ်းအနားမြင်ကွင်းအားတွေ့ရစဉ်(ဆင်ဟွာ)

ပိုမိုစည်းလုံးသောအာဆီယံအသိုက်အဝန်း နှင့် လွတ်လပ်သောကုန်သွယ်ရေးချိတ်ဆက်မှုများ

၂ဝ၁၈ ခုနှစ်တွင် အာဆီယံနိုင်ငံများအနေဖြင့် အာဆီယံအသိုက်အဝန်းမျှော်မှန်းချက်၂ဝ၂၅ မူဘောင်အောက်တွင် အဓိကလုပ်ငန်းများကို အပြည့်အဝေ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းနှင့်အတူ စည်းလုံးညီညွတ်မှုရှိသော ၊ ချိတ်ဆက်မိသော ၊ ခံနိုင်ရည်ရှိသော နှင့် တီထွင်ဆန်းသစ်မှုရှိသော အသိုက်အဝန်းတည်ဆောက်ရာတွင် အရေးပါသော တိုးတက်အောင်မြင်မှုများ ရရှိခဲ့သည်။

အာဆီယံဒေသတွင်းချိတ်ဆက်ဆောင်ရွက်မှု(MPAC) 2025 အသေးစိတ်စီမံချက်သည် အခြားနိုင်ငံများအကြား အာဆီယံနိုင်ငံများပိုမိုစုစည်းမှုရှိစေရန်အတွက် ကနဦးလုပ်ဆောင်ချက်ဖြစ်ကြောင်း ၂ဝ၁၈ ခုနှစ် နိုဝင်ဘာလက စင်ကာပူနိုင်ငံ၌ ကျင်းပခဲ့သည့် ၃၃ ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေး၏ ဥက္ကဋ္ဌ ထုတ်ပြန် ကြေညာချက်တွင်ဖော်ပြထားသည်။

အာဆီယံအသိုက်အဝန်းမဏ္ဍိုင်သုံးရပ်ဖြစ်သော အာဆီယံ နိုင်ငံရေး-လုံခြုံရေး အသိုက်အဝန်း ၊ အာဆီယံ စီးပွားရေးအသိုက်အဝန်း နှင့် အာဆီယံ လူမှု-ယဉ်ကျေးမှုအသိုက်အဝန်းတို့တွင် မူဝါဒပိုင်းခိုင်မာမှု ၊ အရည်အသွေးပိုင်းပြည့်ဝမှု နှင့် ပူးပေါင်းဆောင်ရွက်မှုအပိုင်းကို အကောင်းဆုံးကြိုးစားအားထုတ်မှုများကိုလည်း ပြုလုပ်ခဲ့ရာ အောင်မြင်မှုများရရှိခဲ့ပြီး အထူးသဖြင့် စီးပွားရေး စုစည်းပေါင်းစပ်မှုအပိုင်းတွင် ပိုမိုအောင်မြင်မှုရရှိစေခဲ့သည်။

၂ဝ၁၈ ခုနှစ် စင်ကာပူနိုင်ငံက အလှည့်ကျဥက္ကဋ္ဌ အဖြစ် တာဝန်ယူစဉ် အာဆီယံသည် စီးပွားရေးပိုင်းဆိုင်ရာ အရေးပါသော အဓိက အောင်မြင်မှု ငါးရပ်ကို လုပ်ဆောင်နိုင်ခဲ့သည်။ ယင်းတို့တွင် တီထွင်ဆန်းသစ်မှု နှင့် e-စီးပွားရေးကို မြှင့်တင်ခြင်း ၊ ကုန်သွယ်ရေးလွယ်ကူစေရန် ပြုပြင်ဆောင်ရွက်ခြင်း ၊ ဝန်ဆောင်မှု နှင့် ရင်းနှီးမြှုပ်နှံမှု ပေါင်းစည်းခြင်းကို နက်ရှိုင်းစွာ ဆောင်ရွက်ခြင်း ၊ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတစ်ခု တည်ဆောက်ခြင်း နှင့် အာဆီယံ၏ ပြင်ပဆက်ဆံရေးများ တိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ခြင်း တို့ပါဝင်သည်။

ယခုနှစ်ဆန်းပိုင်းကတည်းက အာဆီယံသည် ကုန်သွယ်ရေးလွယ်ကူအဆင်ပြေစေရန် နှင့် အာဆီယံနိုင်ငံများအတွင်း အခွန်စည်းကြပ်မှုများအားလုံးကို ၂ဝ၁၈ နှစ်ကုန်ပိုင်းတွင် လုံးဝ ပယ်ဖျက်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့ကြောင်း နိုဝင်ဘာ ထိပ်သီးအစည်းအဝေးအတွင်း အာဆီယံအတွင်းရေးမှူးချုပ်က ဆင်ဟွာသတင်းဌာနနှင့်ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင်ဖြေကြားခဲ့သည်။

ဇန်နဝါရီလကတည်းက အာဆီယံ ပြတင်းတံခါးတစ်ပေါက်(ASW) အစီအစဉ်ဖြစ်သော အီလက်ထရောနစ်အချက်အလက်(e-ATIGA Form D) အပြန်အလှန် ဖလှယ်မှုကို ခွင့်ပြုသည့် ပိုမိုကောင်းမွန်သော အခွန်စည်းကြပ်မှု စနစ် နှင့် ASW ဝင်ပေါက်ဂိတ်များတွင် အီလက်ထရောနစ် လက်ခံရေးစနစ် ကျင့်သုံးရေးစနစ်ကို အာဆီယံ ငါးနိုင်ငံတွင် စတင် ဆောင်ရွက်ခဲ့ပြီဖြစ်သည်။

အာဆီယံအနေဖြင့် “ အာဆီယံကုန်သွယ်မှုတွင် ဝန်ဆောင်မှုများ သဘောတူညီချက်” ကို အပြီးသတ်လုပ်ဆောင်ခဲ့ကြောင်းလည်း ၎င်းကဆိုသည်။

အာဆီယံအဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ်တွင် စုစုပေါင်း ပြည်တွင်းထုတ်ကုန်တန်ဖိုး ဂျီဒီပီ အမေရိကန်ဒေါ်လာ ၂.၈ ထရီလီယံ ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၅.၃ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ယင်း တိုးတက်မှုသည် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်တွင် ၅.၁ ရာခိုင်နှုန်းနှင့် ၅.၂ ရာခိုင်နှုန်းဖြင့် အသီးသီးတည်ငြိမ်နေမည်ဟု မျှော်မှန်းထားသည်။

၂၀၁၇ ခုနှစ်အတွင်း အာဆီယံ၏ ကုန်စည်ကုန်သွယ်မှုစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၂.၅၇ ထရီလီယံရှိခဲ့ပြီး ၎င်းတို့အနက် အာဆီယံအတွင်း ကုန်သွယ်မှုက ၂၂.၉ ရာခိုင်နှုန်း ရှိကြောင်း၊ အာဆီယံ၏ စုစုပေါင်း ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများ ကုန်သွယ်မှုမှာ ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၆၉၅.၂ ရာခိုင်နှုန်းရှိကာ ၎င်း၏ ၁၆.၇ ရာခိုင်နှုန်းက အာဆီယံနိုင်ငံများအတွင်းဖြစ်ကြောင်း ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်အရ သိရသည်။

ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အာဆီယံသို့ ပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စီးဝင်မှု ၂၀၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၃၇ ဘီလီယံရှိပြီး အာဆီယံနိုင်ငံများအချင်းချင်း ရင်းနှီးမြှုပ်နှံမှုက ၎င်း၏ ၁၉.၄ ရာခိုင်နှုန်းရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာလက ပြုလုပ်ခဲ့သော ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေး၌ ပြင်ပရိုက်ခတ်မှုများကို ကြံ့ကြံ့ခံနိုင်သော ဒေသတွင်း စီးပွားရေး မြှင့်တင်မည့် အာဆီယံ စီးပွားရေးအသိုက်အဝန်းအစီအစဉ်ကို ဆက်လက်တိုးမြှင့်ရန်နှင့် ၂၀၂၅ ခုနှစ်တွင် အာဆီယံနိုင်ငံတွင်း ကုန်သွယ်မှု နှစ်ဆတိုးမြှင့်ခြင်းကဲ့သို့ ရည်မှန်းချက်များဆီသို့ ရောက်ရှိရန် အာဆီယံ ခေါင်းဆောင်များက ထပ်လောင်းအတည်ပြုခဲ့သည်။

ဒီဂျစ်တယ်နည်းပညာ ဖော်ထုတ်၍ စမတ်စီးတီးကွန်ရက် တည်ဆောက်ခြင်း

နိုဝင်ဘာလ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ စီးပွားရေးဝန်ကြီးများက စီးပွားရေး တိုးတက်မှုနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်ရန် ဒေသတွင်း e-commerce အသုံးပြုရာတွင် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုများ လွယ်ကူနိုင်ပြီး ယုံကြည်မှုမြှင့်တင်နိုင်မည် ဖြစ်သည့် အီလက်ထရောနစ် ကုန်သွယ်မှုဆိုင်ရာ အာဆီယံ သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

အာဆီယံ ဒီဂျစ်တယ်ပေါင်းစည်းရေးမူဘောင် ဖွံ့ဖြိုးတိုးတက်စေရန် ကနဦးလုပ်ဆောင်မှုအား ထို ထိပ်သီးအစည်းအဝေးအတွင်း ထုတ်ပြန်ခဲ့သည်။

တီထွင်ဆန်းသစ်မှုနှင့် နည်းပညာဆိုင်ရာ အသိအမှတ်ပြုလောက်ဖွယ် အောင်မြင်မှုတစ်ခုအဖြစ် ကနဦးမြို့ပေါင်း ၂၆ မြို့ကို ချိတ်ဆက်ထားသော အာဆီယံ စမတ်စီးတီး ကွန်ရက် (ASCN) တစ်ခု တည်ထောင်ရန် အာဆီယံနိုင်ငံများက သဘောတူခဲ့သည်။

ကွန်ရက်အတွင်းရှိ မြို့များအနေဖြင့် ဖွံ့ဖြိုးတိုးတက်မှုအားထုတ်မှုများ ပေါင်းစည်းကာ အကောင်းဆုံး အလေ့အထများ ဝေမျှနိုင်ပြီး တိုးတက်မှု၊ တီထွင်ဆန်းသစ်မှု၊ စွမ်းရည်မြှင့်တင်မှုနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် အခွင့်အလမ်းများစွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးတွင် ASCN သည် နိုင်ငံရေးအရ စည်းလုံးမှု၊ စီးပွားရေးအရ စုစည်းမှု၊ လူမှုရေးအရ တာဝန်ယူတတ်သည့် အသိုက်အဝန်းအား ၂၀၂၅ခုနှစ် အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် နှင့် တစ်ပြေးညီ ဖော်ထုတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သဘောတူညီချက်အရ သိရသည်။

ဘက်စုံကုန်သွယ်ရေးမူဝါဒနှင့် နီးကပ်စွာနေ၍ ကမ္ဘာနှင့် နက်ရှိုင်းစွာ ချိတ်ဆက်ဆောင်ရွက်

ဘက်စုံကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု နှင့် ပေါင်းစည်းမှု မူဝါဒသည် အာဆီယံ အဖွဲ့အစည်း၏ အလွန်အခြေခံကျသော အချက်တစ်ချက်ဖြစ်၍ ဘက်စုံကုန်သွယ်ရေးအား လက်ကိုင်ထားခြင်းသည် ယခုနှစ်အတွင်း အာဆီယံခေါင်းဆောင်များ၏ အာရုံစိုက်မှုတစ်ခုဖြစ်လာခဲ့သည်။

စင်ကာပူနိုင်ငံ ၌ နိုဝင်ဘာလက ကျင်းပသော ၃၃ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးပွဲ မှ သဘာပတိ၏ ထုတ်ပြန်ချက်အရ ဘက်စုံကုန်သွယ်ရေးမူဝါဒ နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အပေါ် အားကောင်းသော ကတိကဝတ်ထားရှိမှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး လွန်ခဲ့သည့်ဆယ်စုနှစ်အတွင်း ဒေသ၏ စီးပွားရေးကြီးပွားတိုးတက်မှုကို အထောက်အကူပြုသည့် ပွင့်လင်းမြင်သာပြီး စည်းမျဉ်းစည်းကမ်းအခြေပြု ဘက်ပေါင်းစုံကုန်သွယ်ရေးစနစ်အား လက်ကိုင်ထားမှုသည် တည်ငြိမ်စွာ ကျန်ရှိနေကြောင်း သိရသည်။

၃၃ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံပြင်ပ၌ ပြုလုပ်သော ဒုတိယအကြိမ်မြောက် ဒေသတွင်းပြည့်စုံသောစီးပွားမိတ်ဖက်ဆောင်ရွက်မှု (RCEP) ထိပ်သီးအစည်းအဝေး ပွဲ၌ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း က အာဆီယံ အစပျိုးဆောင်ရွက်မှုအောက်၌ ဒေသတွင်းပြီးပြည့်စုံသော စီးပွားရေးဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှု (RCEP) အပေါ် ညှိနှိုင်းဆွေးနွေးမှုများမှ အောင်မြင်မှုအကျိူးရလဒ်များ ၂၀၁၈ခုနှစ်အတွင်းရရှိခဲ့ပြီး ၂၀၁၉ခုနှစ် တွင် အပြီးသတ်နိုင်ရန် အဆင့်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံ ၁၀နိုင်ငံ နှင့် ၎င်းတို့၏ လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်မိတ်ဖက် ၆နိုင်ငံဖြစ်သည့် တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန် နှင့် အိန္ဒိယ နိုင်ငံများအကြား အဆိုတင်သွင်းခဲ့သည့် လွတ်လပ်စွာ ကုန်သွယ်ရေးသဘောတူညီချက် (FTA) တစ်ခုဖြစ်သည့် RCEP သည် ကမ္ဘာ့လူဦးရေ၏ ၄၅ရာခိုင်နှုန်း၊ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၏ ၄၀ရာခိုင်နှုန်း နှင့် ကမ္ဘာ့ GDP ၏ သုံးပုံတစ်ပုံရှိမည့် ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအုပ်စုတစ်ခု ဖြစ်လာမည်ဟု မျှော်မှန်းရသည်။

ကမ္ဘာလုံးဆိုင်ရာလွှမ်းခြုံမှုအား ဆန့်ကျင်သည့် စိတ်သဘောထားများမြင့်တက်နေသည့်အတွက် အရေးတကြီးလိုအပ်နေသော ဘက်ပေါင်းစုံကုန်သွယ်ရေးအတွက် ရှင်းလင်းပြတ်သား အားကောင်းသော ကတိကဝတ်ကို RCEP အဆုံးသတ်က ပေးစွမ်းနိုင်မည်ဖြစ်ကြောင်း လီကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် အာဆီယံသည် ကမ္ဘာ့အဓိက အင်အားကြီးနိုင်ငံများ နှင့် နိုင်ငံတကာအဖွဲ့အစည်းများအပါအဝင် ၎င်း၏ ပြင်ပမိတ်ဖက်များ နှင့် ဆက်ဆံရေးကို ပိုမို ခိုင်မြဲစေခဲ့ကြောင်း သိရသည်။

တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၁၅နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နှစ်ဖက်စလုံးသည် ၂၀၃၀ ခုနှစ် တရုတ်-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မျှော်မှန်းချက်ကို သဘောတူလက်ခံပြီး အနာဂတ် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန်အတွက် သဘောတူညီမှုလမ်းပြမြေပုံတစ်ခု ကို စိုက်ထူနိုင်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.