Connect with us

Politics, Law & Military

တရုတ်နိုင်ငံ ဝန်ကြီးချုပ်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ တွေ့ဆုံ

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ အာရစ်ဖ် အယ်လ်ဗီတို့ မတ် ၁၇ ရက်က ပေကျင်းမြို့၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်နှင့် ပါကစ္စတန်နိုင်ငံ သမ္မတ အာရစ်ဖ် အယ်လ်ဗီ (Arif Alvi) တို့သည် မြို့တော် ပေကျင်း၌ တွေ့ဆုံခဲ့ပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ကတိပြုခဲ့ကြောင်း သိရသည်။

COVID-19 ရောဂါဖြစ်ပွားပြီးနောက် တရုတ်နိုင်ငံ၏ သံမဏိညီအစ်ကိုဖြစ်သော ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံသားများအတွက် အကူအညီများ လျင်မြန်စွာ ပေးအပ်ခဲ့ကြောင်း လီက ဆိုသည်။လက်ရှိတွင် နှစ်နိုင်ငံလုံးအနေဖြင့် ကပ်ရောဂါ စိန်ခေါ်မှုများကို ရင်ဆိုင်နေရကြောင်းနှင့် တရုတ်နိုင်ငံသည် ပါကစ္စတန်နိုင်ငံနှင့် ကပ်ရောဂါ ထိန်းချုပ်ရေး အတွ့အကြုံ မျှဝေရန်နှင့် ဆေးဘက်ပစ္စည်းများ ထောက်ပံ့ရန် အသင့်ရှိကြောင်း လီက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် COVID-19 ပျံ့နှံ့မှုအား အခြေခံအားဖြင့် ထိန်းချုပ်နိုင်ခဲ့သဖြင့် တရုတ်နိုင်ငံ၏ COVID-19 ထိန်းချုပ်ရန် ကြိုးပမ်းအားထုတ်မှုများက တည်တံ့ပြီး ခိုင်မာသော အရှိန်အဟုန် ရရှိခဲ့ကြောင်း လီက ဆိုသည်။ထို့ပြင် လီက ကမ္ဘာ့နိုင်ငံများတွင် COVID-19 ပျံ့နှံ့နေသဖြင့် တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး လုံခြုံမှု ပူးတွဲကာကွယ်ရန် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန်နိုင်ငံ သမ္မတ အာရစ်ဖ် အယ်လ်ဗီက ယခုလို အထူးအချိန်ကာလ၌ တရုတ်နိုင်ငံသို့ လာရောက်ခြင်းသည် နှစ်နိုင်ငံပြည်သူများအကြား စည်းလုံးညီညွတ်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို ပြသခြင်းလည်းဖြစ်ကြောင်း၊ ပါကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံ၏ အရင်းနှီးဆုံး မိတ်ဆွေဖြစ်သလို တရုတ်နိုင်ငံဘက်က အစဉ်အမြဲရပ်တည်လျက်ရှိကြောင်း ပြောကြားခဲ့သည်။တရုတ်နိုင်ငံက ကပ်ရောဂါ ထိန်းချုပ်ရန် လုပ်ဆောင်သော ကျယ်ပြန့်ပြီး အားကောင်းသော ဆောင်ရွက်ချက်များက အပြုသဘောဆောင်သည့် ရလဒ်များကို ပြသလျက်ရှိကြောင်း၊ ၎င်းအချက်သည် ကမ္ဘာလုံးဆိုင်ရာ COVID-19 တိုက်ဖျက်ရေးအတွက် အရေးပါသော ကူညီထောက်ပံ့မှုလည်း ဖြစ်ကြောင်း အယ်လ်ဗီက ပြောခဲ့သည်။  (Xinhua)