Connect with us

Politics, Law & Military

တရုတ်နှင့် အာဂျင်တီးနား နှစ်နိုင်ငံ ဆက်ဆံရေး နှစ်ပတ်လည် အခါသမယအတွက် ဝမ်းမြောက်ကြောင်း အမှာစကားများ သမ္မတ နှစ်ဦး အပြန်အလှန်ပေးပို့

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် အာဂျင်တီးနားနိုင်ငံ သမ္မတ မာရီစီယို မာစီတို့အား ၂၀၁၆ ခုနှစ် G20 ထိပ်သီး အစည်းအဝေး၌ တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၁၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် အာဂျင်တီးနားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေး တည်ထောင်ခြင်း ၄၅ နှစ် ပြည့်မြောက်သည့် နှစ်ပတ်လည် အနေဖြင့် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အာဂျင်တီးနားနိုင်ငံ သမ္မတ မာရီစီယို မာစီ (Mauricio Marci) တို့က ယနေ့ (ဖေဖော်ဝါရီလ ၁၉ ရက်) တွင် ဝမ်းမြောက်ကြောင်း အမှာစကား အပြန်အလှန် ပေးပို့ခဲ့ကြောင်း သိရသည်။

မာစီထံသို့ ပေးပို့သော အမှာစကား၌ ရှီက တရုတ်နှင့် အာဂျင်တီးနားတို့သည် အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် အကျိုးကျေးဇူးရှိပြီး ပူးပေါင်းဆောင်ရွက်မှုရှိသော မိတ်ဆွေစစ်များနှင့် မိတ်ဖက်များ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

သံတမန် ဆက်ဆံရေး တည်ထောင်ခဲ့သည့် ၄၅ နှစ်အကြာကတည်းက နှစ်နိုင်ငံ ဆက်ဆံရေးသည် ရေရှည်တည်တံ့သော ဖွံ့ဖြိုး တိုးတက်မှုရှိခဲ့ကြောင်း၊ မနှစ်က မာစီနှင့် တွေ့ဆုံခဲ့စဉ်ကလည်း နယ်ပယ်အားလုံး၌ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု ခိုင်မာစွာ ဆောင်ရွက်သွားမည်ဟူသော အရေးပါသည့် သဘောတူညီချက် ချမှတ်နိုင်ခဲ့ကြောင်း တရုတ် သမ္မတ ရှီက ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်နိုင်ငံ အနေဖြင့် အာဂျင်တီးနားနိုင်ငံနှင့်အတူ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးဖြင့် နှစ်နိုင်ငံနှင့် ပြည်သူများအတွက် ပိုမို ကောင်းမွန်သော အနာဂတ်ကို ထိန်းသိမ်း စောင့်ရှောက်သွားရန်လည်း ရှီက ထည့်သွင်း ပြောကြားခဲ့သည်။

အာဂျင်တီးနားနိုင်ငံ သမ္မတ မာစီကလည်း တရုတ်နှင့် အာဂျင်တီးနားနိုင်ငံတို့၏ သံတမန် ဆက်ဆံရေးကို ၁၉၇၂ ခုနှစ်တွင် စတင် ထူထောင်ခဲ့ကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစွာ ဆက်လက် တည်ဆောက်သွားမည် ဖြစ်ကြောင်းနှင့် ကျယ်ပြန့်သော ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အသစ်များဖြင့် နှစ်နိုင်ငံ ဆက်ဆံရေး အဆင့် မြှင့်တင်သွားမည် ဖြစ်ကြောင်း ၎င်း၏ ဝမ်းမြောက်ကြောင်း အမှာစကား၌ ပြောကြားခဲ့သည်။

တရုတ်နှင့် အာဂျင်တီးနား နှစ်နိုင်ငံလုံး၏ ခမ်းနားလှသော ဖွံ့ဖြိုးမှု အစီအစဉ်များ ထားရှိခဲ့သည့်အတွက် စိန်ခေါ်မှုများအား အတူတကွ ကိုင်တွယ်ဖြေရှင်းခြင်း၊ ဘုံ ဖွံ့ဖြိုးမှုနှင့် နှစ်နိုင်ငံ ပြည်သူများ၏ လူမှုဘဝ တိုးတက်ရေးအတွက် အချင်းချင်း ထောက်ပံ့ လုပ်ဆောင်သွားသင့်ကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး အဆင့်မြှင့်တင်ရာတွင် တရုတ်နိုင်ငံနှင့်အတူ အာဂျင်တီးနားနိုင်ငံက လုပ်ဆောင်ရန် အဆင်သင့်ရှိကြောင်း မာစီက ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.