Connect with us

Politics, Law & Military

တရုတ်ဥပဒေကျွမ်းကျင်ပညာရှင်များက ဟောင်ကောင်အမျိုးသားလုံခြုံရေး ဥပဒေအား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် အလေးပေး ပြောကြား

တရုတ်နိုင်ငံတောင်ပိုင်း ဟောင်ကောင်ရှိ ဗစ်တိုးရီးယားဆိပ်ကမ်းအနီးရပ်နားထားသော သင်္ဘောတစ်စီးပေါ်တွင် ဇူလိုင် ၁ ရက်က အမိမြေသို့ဟောင်ကောင်ပြန်လည်ရောက်ရှိခြင်း ၂၃ နှစ်မြောက်အထိမ်းအမှတ် စာတမ်း ဂုဏ်ပြု ချိတ်ဆွဲထားစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇူလိုင် ၇ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံရှိ ဥပဒေကျွမ်းကျင်ပညာရှင်များက ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR)၌ အမျိုးသားလုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်ရေးဥပဒေအား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် အလေးအနက်ထား ပြောကြားခဲ့ကြောင်း သိရသည်။ 

၎င်းဥပဒေအား အပြည့်အဝ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အားကောင်းသည့် တရားဥပဒေစိုးမိုးရေး ယန္တရားများကို တည်ဆောက်သွားသင့်ကြောင်း မကြာသေးမီက ပြုလုပ်သော စာတမ်းဖတ်ပွဲ တစ်ခုတွင် ဥပဒေကျွမ်းကျင်ပညာရှင်များက ထည့်သွင်းပြောကြားခဲ့သည်။  

ဖွဲ့စည်းပုံအခြေခံဥပဒေ ကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်သူ Han Dayuan က ဥပဒေပြဌာန်းပြီးနောက် အဓိကသော့ချက်မှာ ယင်းဥပဒေအား အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေးပင် ဖြစ်ကြောင်း ဆိုသည်။သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် လိုက်လျောညီထွေမှုရှိသော ဥပဒေစိုးမိုးရေး လမ်းညွှန်ချက်များကို ရေးဆွဲရန် ဥပဒေ ကျွမ်းကျင်ပညာရှင် Han က တိုက်တွန်းပြောကြားခဲ့သည်။ 

ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အနေဖြင့် ယင်းဥပဒေအား အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ရေး ကျယ်ပြန့်သော လူမှုသဘောတူညီချက်တစ်ခုတည်ဆောက်ရန် အမျိုးသားလုံခြုံရေးပညာပေးမှုအတွက် စည်းမျဉ်းစည်းကမ်းဆိုင်ရာ တာဝန်ရှိကြောင်းလည်း ၎င်းက ဆိုသည်။

ပြစ်မှုဆိုင်ရာဥပဒေ ကျွမ်းကျင်ပညာရှင် Chen Zexian က ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ(HKSAR) အနေဖြင့် ဟောင်ကောင်အခြေခံဥပဒေအရ သတ်မှတ်ခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းချက်ကို ဖြစ်နိုင်သမျှ မြန်မြန် ပြည့်စုံအောင် ဆောင်ရွက်သင့်ကြောင်း ၊ ယင်းမှာ အမျိုးသား လုံခြုံရေး ထိန်းသိမ်းစောင့်ရှောက်မှုအတွက် HKSAR ၏ တာဝန်တစ်ရပ်ပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ပီကင်းတက္ကသိုလ် ဥပဒေဌာန ဌာနမှူး Pan Jianfeng က တရုတ်နိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေတွင် ပြဌာန်းထားသည့် အခြေခံစည်းမျဉ်းများကို လေးစားလိုက်နာခြင်း နှင့် လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ခြင်းတို့ကို လက်ကိုင်ထား၍ ဥပဒေကို အကောင်အထည်ဖော်သွားရမည်ဖြစ်ပြီး တရားဥပဒေစိုးမိုးရေး၏ အခြေခံနိယာမများကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း  ပြောကြားခဲ့သည်။ (Xinhua)