Connect with us

Politics, Law & Military

တရုတ်-မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ်(၇၀)ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံခေါင်းဆောင်အကြား ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ 

တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းအား ဇွန် ၂၁ ရက်က ပြုံယမ်းမြို့တွင် တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

တရုတ်-မြောက်ကိုရီးယား သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် (၇၀)ပြည့် အထိမ်းအမှတ်အဖြစ် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့်မြောက်ကိုရီးယားနိုင်ငံ ထိပ်တန်းခေါင်းဆောင် ကင်ဂျုံအန်းတို့ ဂုဏ်ပြုသဝဏ်လွှာများ အပြန်အလှန်ပေးပို့ခဲ့ကြကြောင်း  သိရသည်။

သဝဏ်လွှာထဲတွင် တရုတ်နိုင်ငံ သမ္မတ ရှီက တရုတ်-မြောက်ကိုရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အတွက် ဝမ်းမြောက်ကြောင်း ၊ နှစ် ၇၀ ကြာ ကာလတွင် နိုင်ငံခေါင်းဆောင်အစဉ်အဆက်၏ အတူကြိုးပမ်းမှုကြောင့် နှစ်နိုင်ငံအကြားတည်ရှိနေသည့် အစဉ်အလာချစ်ကြည်ရေးသည်  နိုင်ငံတကာနှင့်ခေတ်အခါ၏အပြောင်းအလဲတွင်  အဆက်မပြတ်တိုးတက်ခိုင်မာလာခဲ့ကြောင်း ၊ နှစ်နိုင်ငံ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုရလဒ်ကောင်းများသည် နှစ်နိုင်ငံ ဆိုရှယ်လစ်ဝါဒလုပ်ငန်းစဉ်များ ပိုမိုတိုးတက်လာစေရန် တွန်အားဖြစ်သလို ဒေသတည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရာတွင်လည်း အရေးကြီးသည့် အပြုသဘောဆောင်မှုဖြစ်ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် မြောက်ကိုရီးယားနိုင်ငံနှင့်အတူ လက်တွဲကာ နှစ် ၇၀ ပြည့်အခါသမယကို အခွင့်အခါကောင်းဟု သဘောထားပြီး နှစ်နိုင်ငံဆက်ဆံရေးရေရှည်စွာတည်ငြိမ်ဖွံ့ဖိုးတိုးတက်စေရန် တွန်းအားပေးကာ နှစ်နိုင်ငံနှင့်ပြည်သူများအကျိုးကို ဆောင်ကြဉ်းပေးလိုကြောင်း ဖော်ပြထားသည်ဟု  သိရသည်။

မြောက်ကိုရီးယားနိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းကလည်း နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး တည်ထောင် သည့် နှစ် ၇၀ ပြည့်အထိမ်းအမှတ်အတွက် ဝမ်းမြောက်ကြောင်းနှင့် ဆုတောင်းမေတ္တာပို့သလိုက်ပါကြောင်း၊ မြောက်ကိုရီးယား -တရုတ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးတည်ထောင်သည့် နှစ် ၇၀ ကြာကာလ တွင် နှစ်နိုင်ငံအစိုးရနှင့်ပြည်သူနှစ်ရပ်စလုံးက ဆိုရှယ်လစ်ဝါဒလုပ်ငန်းစဉ်များကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် အခက်အခဲများကို အစဉ်အမြဲအတူကျော်လွှားခဲ့ရာ နှစ်နိုင်ငံ ချစ်ကြည်ရေးသမိုင်းကို ရေးထိုးနိုင်ခဲ့ကြောင်း၊မိမိအနေဖြင့် သမ္မတရှီနှင့်အတူ နှစ်နိုင်ငံပြည်သူများ၏တူညီသည့် ဆန္ဒရည်မှန်းချက်များအတိုင်း နှစ်နိုင်ငံချစ်ကြည်ရေးကို ခိုင်မာဖွံ့ဖြိုးအောင် ဆောင်ရွက်သွားကာ ဆိုရှယ်လစ်ဝါဒလုပ်ငန်းစဉ်များ၊မြောက်ကိုရီးယားကျွန်းဆွယ်နှင့် ကမ္ဘာ့ တည်ငြိမ်အေးချမ်းရေးအတွက် ကာကွယ်ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်း၏သဝဏ်လွှာတွင် ဖော်ပြထားကြောင်း သိရသည်။(Xinhua)