Connect with us

Politics, Law & Military

လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ လာမည့် သီတင်းပတ်အတွင်း တွေ့ဆုံမည်

ပထမအကြိမ် လန်ချန်း-မဲခေါင် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ တက်ရောက်နေသည့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအား တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဒီဇင်ဘာ ၈ ရက် (ဆင်ဟွာ)

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု (LMC) နိုင်ငံခြားရေးဝန်ကြီးများ၏ တတိယအကြိမ်မြောက် အစည်းအဝေးအား တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဒါလီမြို့၌ ဒီဇင်ဘာလ ၁၅ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ဒီဇင်ဘာလ ၇ ရက်က ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးအား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ကမ္ဘောဒီးယားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပရတ်ဆွတ်ဟွန်တို့က ပူးတွဲသဘာပတိ ပြုလုပ်မည် ဖြစ်ကြောင်း Geng က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ယင်း အစည်းအဝေးသို့ လာအိုနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Saleumxay Kommasith ၊ မြန်မာနိုင်ငံ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်၊ ထိုင်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နှင့် ဗီယက်နမ်နိုင်ငံ ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Pham Binh Minh တို့လည်း တက်ရောက်ကြမည် ဖြစ်သည်။

မဲခေါင် (တရုတ်နိုင်ငံအခေါ် လန်ချန်း) မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံ ၆ နိုင်ငံတို့သည် LMC လုပ်ငန်းအား ၂၀၁၆ ခုနှစ် မတ်လတွင် တရားဝင် စတင်ခဲ့သည်။“LMC က မဲခေါင်မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံ ၆ ခုက ဖွဲ့စည်းတည်ထောင်ထားသော ဒေသခွဲ ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်း တစ်ခုဖြစ်ပါတယ်” ဟု Geng က ဆိုသည်။

LMC သည် နိုင်ငံ ၆ နိုင်ငံအကြား အိမ်နီးချင်းကောင်းနှင့် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ခိုင်မာတောင့်တင်းရေး၊ ဒေသခွဲနိုင်ငံများ စီးပွားရေးနှင့် လူမှုရေး ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေး၊ လန်ချန်း-မဲခေါင် မြစ်ဝှမ်းတစ်လျှောက်ရှိ နိုင်ငံများအကြား အနာဂတ် ငြိမ်းချမ်းရေးနှင့် ကြွယ်ဝချမ်းသာရေး မျှဝေမှုရှိသော အသိုက်အဝန်း တစ်ခု တည်ထောင်ရေး၊ အာဆီယံ အသိုက်အဝန်း တည်ထောင်မှုနှင့် ဒေသတွင်း ပေါင်းစည်းမှု တိုးမြှင့်ရေးအတွက် အထောက်အကူဖြစ်စေရန် ကတိပြုထားကြောင်း သိရသည်။

တတိယအကြိမ်မြောက် LMC နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးတွင် ယခင်အစည်းအဝေး ရလဒ်များအား ခိုင်မာစေရေး၊ ယခင် အတွေ့အကြုံများအား အကျဉ်းချုပ်ရှင်းလင်းခြင်းနှင့် အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် အမြင်ချင်းဖလှယ် ဆွေးနွေးခြင်းနှင့် လာမည့်နှစ်တွင် ကျင်းပမည့် ဒုတိယအကြိမ်မြောက် လန်ချန်း-မဲခေါင် ခေါင်းဆောင်များ အစည်းအဝေးအတွက် ပြင်ဆင်ခြင်း စသည်တို့ လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ပြောကြားခဲ့သည်။ (Xinhua)